ပြင်သစ်လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဟာ အသင်းတိုက်စစ်ပိုင်းအတွက် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူသွားနိုင်ဖို့အတွက် ပစ်မှတ်ထားနေဆဲ ဖြစ်တယ်လို့ TEAMtalk အားကစား သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

ပီအက်စ်ဂျီက သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ကီလီယန် အမ်ဘာပေကို ရီးယဲလ် မက်ဒရစ်အသင်းဆီ အလွတ်နဲ့ လက်လွတ်လိုက်ရပြီးနောက်ပိုင်း တိုက်စစ်ပိုင်းအတွက် ပြန်လည် ခေါ်ယူဖြည့်တင်းလိုတဲ့ တိုက်စစ်ကစားသမားတွေထဲမှာ ရပ်ရှ်ဖို့ဒ်ပါ အပါအဝင် ဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

အသက် (၂၇)နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက် အင်္ဂလန် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာလည်း ယူနိုက်တက်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေပေမယ့် လက်ရှိ အသင်းမှာ ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသနိုင်ဖို့ ရုန်းကန်နေရသလို ဂိုးသွင်းယူမှုတွေနဲ့ ဂိုးဖန်တီးမှုတွေလည်း ပုံမှန်လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ဖြစ်နေပါတယ်။

နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ရဲ့ ပွဲဦးထွက်ရာသီမှာ ပြိုင်ပွဲစုံ ဂိုး(၃၀) သွင်းယူပြီးနောက်ပိုင်း ခြေစွမ်းကျဆင်းသွားတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခုလည်း နည်းပြသစ် ရူဘင် အမော်ရင်ရဲ့ ပွဲဦးထွက်ပွဲမှာ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် တစ်ပွဲလုံး အတိုင်းအတာအရတော့ ရပ်ရှ်ဖို့ဒ်က ပုံမှန်ခြေစွမ်းပြဖို့တောင် ခက်ခဲနေခဲ့ရပါတယ်။

Photo Credit : Transfermarket

ရပ်ရှ်ဖို့ဒ်နဲ့ အမြဲတမ်း သတင်းတွေ ထွက်ပေါ်နေတက်တဲ့ ပီအက်စ်ဂျီအသင်းကတော့ ရပ်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်တို့ရဲ့ အခြေအနေတွေကို စောင့်ကြည့်လို့နေပြီး လာမယ့် ဇန်နဝါရီ ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာ ရပ်ရှ်ဖို့ဒ်အတွက် ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်လာနိုင်တယ်လို့ TEAMtalk မှာ ဖော်ပြလာပါတယ်။

ယူနိုက်တက် နည်းပြသစ် အမော်ရင်ကတော့ ရပ်ရှ်ဖို့ဒ်ကို အသင်းကနေ ချက်ချင်း ရောင်းချသွားချင်မှာ မဟုတ်ပေမယ့်လည်း ရပ်ရှ်ဖို့ဒ်ရဲ့ ပုံစံကောင်း လုံးဝ ပြန်မရလာနိုင်ဘူးဆိုရင်တော့ အသင်းကနေ လက်လွတ်ကောင်း လက်လွတ်သွားနိုင်သလို ပီအက်စ်ဂျီကလည်း ယူနိုက်တက် အလိုရှိနေတဲ့ ကိုလို မူအာနီကို ရပ်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့မှာ တစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ ထည့်သွင်း ကမ်းလှမ်းလာမယ်ဆိုရင် အပြောင်းအရွှေ့က ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။