MySport Myanmar

မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းလာဖွယ် ရှိနေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ သူတို့အသင်းရဲ့ ပစ်မှတ်ဟောင်းတစ်ဦး ဖြစ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို လာမယ့်နွေမှာ ခေါ်ယူသွားနိုင်ဖို့အတွက် ထပ်မံ ကြိုးပမ်းလာနိုင်ဖွယ် ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် iNews သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် ယူနိုက်တက်က ပီအက်စ်ဂျီရဲ့ ကြိုးပမ်းမှုကို လုံးဝ လက်မခံခဲ့သလို ရပ်ရှ်ဖို့ဒ်ကိုပါ စာချုပ်သက်တမ်း တိုးမြှင့် ချုပ်ဆိုခဲ့ပါသေးတယ်။

Photo Credit : Clutch Points

ဒါပေမယ့် လက်ရှိမှာတော့ ရပ်ရှ်ဖို့ဒ် ယူနိုက်တက်အတွက် ကွင်းအတွင်း စွမ်းဆောင်ရည်တွေ အလွန်အမင်း ကျဆင်းနေတဲ့အပြင် ကွင်းပြင်ပမှာလည်း ရပ်ရှ်ဖို့ဒ်ရဲ့ နေပုံထိုင်ပုံက စည်းမရှိကမ်းမရှိ ဖြစ်လို့နေပြီး နိုက်ကလပ်တက်ရင်း အသင်းလေ့ကျင့်ခန်း အစီအစဉ် ပျက်ကွက်ရတဲ့အထိပါ ဖြစ်နေရပါတယ်။

လက်ရှိမှာတော့ ရပ်ရှ်ဖို့ဒ်ကို အသင်းဘက်ကရော နည်းပြ တန်ဟက်ဂ်အပြင် အသင်းဖော်တွေပါ စိတ်ပျက်လျက် ရှိနေကြပြီး ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း နိုက်ကလပ်ကို နှစ်ညစလုံး မိုးလင်းပေါက်အထိ ကဲခဲ့ပေမယ့် နေမကောင်းလို့ လေ့ကျင့်ခန်းမဆင်းနိုင်တာဆိုပြီး လိမ်ညာအသိပေးခဲ့ခြင်းကလည်း သူ့ကို အသင်းပရိသတ်တွေကပါ ဒေါသထွက်စေမှာ သေချာပါတယ်။

Photo Credit : Sky Sports

ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ရပ်ရှ်ဖို့ဒ် အများသူငါ ဝေဖန်ချင်စရာ ဖြစ်နေချိန် ပီအက်စ်ဂျီအနေနဲ့ ဒီအခြေအနေကို အခွင့်ကောင်းယူသွားဖို့ ရှိနေပြီး တကယ်လို့ ကီလီယန် အမ်ဘာပေက အသင်းနဲ့ သက်တမ်းမတိုးတော့တာပဲဖြစ်ဖြစ် ရီးယဲလ်ဆီပဲ ပြောင်းပြောင်း သူ့နေရာမှာ ရပ်ရှ်ဖို့ဒ်နဲ့ ပြန်လည် အစားထိုးဖွယ် ရှိလာနိုင်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ တကယ်တော့ အရည်အသွေးမြင့် ဘောလုံးသမားတစ်ဦး ဖြစ်ပေမယ့်လည်း သူရဲ့အရည်အချင်းကို သူကိုယ်တိုင် ဖြုန်းတီးပစ်နေသူလည်း ဖြစ်တာကြောင့် သူ့အနေနဲ့ သူရဲ့ စရိုက်တွေကို မပြင်ဆင်ရင် အသင်းရှယ်ယာရှင်သစ် လက်ထက်မှာ အသင်းကနေ တစ်ခါတည်း ရောင်းထုတ်ခံရနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version