MySport Myanmar

နေမာကို ရောင်းထုတ်ချင်ပေမယ့် ကစားသမားရဲ့ လုပ်ခလစာကြောင့် အခက်တွေ့နေရတဲ့ ပီအက်စ်ဂျီ

အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေအတွက် ငွေကြေးအလုံးအရင်း အသုံးပြုပြီး စာချုပ်သက်တမ်း တိုးမြှင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာတော့ ဘာပေအတွက် အသုံးပြုထားရတဲ့ ပေါင်သန်း(၅၀၀)ကို ကာမိစေဖို့ ဘာပေရဲ့အသင်းဖော် နေမာကို လာမယ့်စျေးကွက်ထဲမှာပဲ အသင်းကနေ ရောင်းထုတ်သွားချင်နေပါတယ်။

အသက်(၃၀)အရွယ် ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကမှ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၂၁ခုနှစ် မေလကပဲ အသင်းနဲ့ ၂၀၂၅ထိကို စာချုပ်သက်တမ်းတိုးထားခဲ့ပါတယ်။ ဒါပေမယ့်လည်း နေမာဟာ ပရိသတ်တွေ မျှော်မှန်းထားသလို ခြေစွမ်းမျိုးတွေ အရမ်းပြသနိုင်ခြင်းမရှိပဲ ဒဏ်ရာတွေနဲ့ မကြာခဏ လုံးပန်းနေရသလို ဒီရာသီမှာလည်း အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း (၁၆)သင်းအဆင့်ထိသာ ပို့ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်များက နေမာကို အော်ဟစ်လှောင်ပြောင်တဲ့အထိပါ ပြုလုပ်လာခဲ့ပါတယ်။ အသင်းပရိသတ်တွေနည်းတူ အသင်းတာဝန်ရှိသူတွေကလည်း နေမာထက် အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူးဘာပေကိုသာ ပိုမိုဦးစားပေးလာပြီး ဘာပေကို အသင်းရဲ့ အနာဂတ်အဖြစ် သတ်မှတ်လာရာကနေ နေမာကိုလည်း အသင်းကနေ ရှင်းထုတ်သွားဖို့အထိ စီစဥ်လာခဲ့ပါတယ်။

Photo Credit : Football London

လတ်တလောမှာတော့ နေမာကို ရောင်းချဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့ ပိုင်ရှင်တွေကိုယ်တိုင် အသင်းဆီကို တာဝန်ပေးထားတယ်လို့ သတင်းထွက်ပေါ်နေခဲ့ပြီး နေမာရဲ့ တစ်ပတ်လုပ်ခကို ပေးချေနိုင်မယ့် ကလပ်အသင်း ပမာဏက အရမ်းကို နည်းပါးလွန်းနေရပြီး ပြင်သစ်အခြေစိုက် L’Equipe သတင်းမီဒီယာရဲ့ ဖော်ပြချက်အရတော့ နေမာရဲ့ လစာမျိုးကို ပေးချေနိုင်တဲ့ ကလပ်အသင်က နယူးကာဆယ်ယူနိုက်တက် တစ်သင်းတည်းသာ ရှိနေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ လက်ရှိမှာ ကမ္ဘာ့အချမ်းသာ ဘောလုံးအသင်းအဖြစ်ပါ သတ်မှတ်ခံထားရတဲ့ နယူးကာဆယ်က နေမာကို ဝယ်ယူနိုင်တဲ့ ဘတ်ဂျက်မျိုး ရှိနေသည့်တိုင်အောင် နေမာကိုယ်တိုင်က နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့လာဖို့ ဆန္ဒမရှိသလို နယူးကာဆယ်ကလည်း နေမာတစ်ဦးတည်းအတွက် အသုံးစရိတ်များစွာ အသုံးပြုရမှာကို မလိုလားတာကြောင့် ပီအက်စ်ဂျီအနေနဲ့ နေမာကို အသင်းက ရှင်းထုတ်ချင်တယ်ဆိုရင်တောင် ဝယ်ယူနိုင်မယ့် အသင်းတွေ မရှိနိုင်တာကြောင့် ရောင်းချဖို့က ခဲယဉ်းနိုင်ပါတယ်။

Exit mobile version