MySport Myanmar

အဆန်စီယိုကို ဗီလာနဲ့ အပြိုင် ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေ

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ စပိန် ကစားသမား မာကိုအဆန်စီယိုကို ဒီနွေမှာ ခေါ်ယူသွားဖို့အတွက် အက်စတွန်ဗီလာအသင်းက စိတ်ဝင်စားနေပြီး ပီအက်စ်ဂျီကလည်း အဆန်စီယိုကို ကာလရှည် စာချုပ်တစ်ရပ်နဲ့ ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Athletic

အသက် (၂၇)နှစ်အရွယ် စပိန်လက်ရွေးစင် ကစားသမား အဆန်စီယိုဟာ ဒီနွေဈေးကွက်ထဲမှာပဲ ရီးယဲလ်နဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတာကြောင့် သူ့ကို ဥရောပထိပ်တန်း ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်က ဗီလာအသင်းဆိုရင်လည်း အဆန်စီယိုအတွက် ပြီးခဲ့တဲ့ တစ်ပတ်ခန့်ကပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားခဲ့သေးပြီး ကမ်းလှမ်းမှုအပေါ် ကစားသမားဘက်က ဘယ်လို တုံ့ပြန်မလဲဆိုတာကိုသာ စောင့်မျှော်နေရပါတယ်။

Photo Credit : Managning Madrid

ဒါပေမယ့် ဒီအချိန်မှာ ဗီလာနဲ့အပြိုင် ပီအက်စ်ဂျီအသင်းကလည်း အဆန်စီယိုကို ခေါ်ယူချင်လာခဲ့ပြီး ကာလရှည်စာချုပ်နဲ့ပါ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ဒါကြောင့် အဆန်စီယိုအနေနဲ့ သူ့ကို ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းမှုတွေထဲက ဘယ်ဟာကို ရွေးချယ်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဗီလာကို ရွေးချယ်ရင်တော့ အဆန်စီယိုအတွက် ပွဲကစားခွင့်တွေ ပိုမို ရရှိနိုင်သလို ပရီးမီးယားလိဂ်လို ဘောလုံးပရိသတ်တွေ တခဲနက် အားပေးတဲ့ အမှတ်ပေးလိဂ်ကြီးမှာ ကျင်လည်ရပါလိမ့်မယ်။

ဒါပေမယ့် ပီအက်စ်ဂျီက ဗီလာထက် ပိုမို အင်အားကြီးလွန်းတဲ့ အသင်းကြီး တစ်သင်း ဖြစ်တဲ့အပြင် ချန်ပီယံလိဂ် ပြိုင်ပွဲကြီးကိုလည်း နှစ်တိုင်းလိုလို ပါဝင် ဆင်နွဲခွင့်ရတာဖြစ်လို့ ပီအက်စ်ဂျီကလည်း အဆန်စီယိုအတွက်တော့ ရွေးချယ်ချင်စရာ ဖြစ်လာနိုင်ပါတယ်။ သေချာတာကတော့ အဆန်စီယိုအနေနဲ့ ရီးယဲလ်နဲ့ ဆက်လက် လက်တွဲချင်တော့မှာ မဟုတ်ပဲ အသင်းကနေ သေချာပေါက် ထွက်ခွာဖို့သာ ရှိနေတာကြောင့် အဆန်စီယိုရဲ့ အသင်းသစ်က ဗီလာ ဖြစ်လာမလား ဒါမှမဟုတ် ပီအက်စ်ဂျီလားဆိုတာ စောင့်ကြည့်ရပါမယ်။

Exit mobile version