အီဂျစ် တိုက်စစ်ကစားသမား မိုဟာမက် ဆာလာနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စာချုပ်အခြေအနေကို လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ စီးရီးအေ ထိပ်တန်းကလပ် ဂျုဗင်တပ်စ်အသင်းတို့က စောင့်ကြည့်လျက် ရှိနေကြတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အီဂျစ် လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာဟာ ၂၀၁၇ခုနှစ်ကမှ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် ဆာလာက လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် ကစားသမားကြီးတစ်ဦးပါ ဖြစ်နေခဲ့ရသလို သွင်းဂိုးတွေ အမြောက်အများကိုလည်း သွင်းယူပေးထားနိုင်ပါတယ်။
Photo Credit : Sky Sports
လီဗာပူးလ်အသင်းနဲ့အတူ ဘောလုံးရာသီ (၈)ရာသီမြောက်ကို ဖြတ်သန်းနေတဲ့ ဆာလာဟာ ဒီရာသီအပြီးမှာပဲ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး လက်ရှိမှာ လီဗာပူးလ်ဘက်ကရော မိုဆာလာဘက်ကပါ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ အသီးသီး ဆန္ဒရှိနေကြပေမယ့် အခုထိတော့ စာချုပ်ကိစ္စကို မစတင်နိုင်သေးပဲ ဖြစ်နေပါတယ်။
ဒီအခြေအနေကို ဆော်ဒီလိဂ် ကလပ်အသင်းတွေက စောင့်ကြည့်နေကြပြီး ဆာလာလို ထိပ်တန်းကစားသမားတစ်ယောက်ကို သူတို့လိဂ်ဆီ အရ ခေါ်ဆောင်သွားချင်နေသလို အခု ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်စ်အသင်းတို့ကလည်း ဆာလာနဲ့ လီဗာပူးလ်တို့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
Photo Credit : Flashscore
ပီအက်စ်ဂျီအသင်းက ဆာလာကို ယခင်ကတည်းက ပစ်မှတ်ထားခဲ့ဖူးတာဖြစ်ပြီး လက်ရှိအသင်းမှာကလည်း တိုက်စစ်ကစားသမားတွေ အများအပြား ရှိနေပေမယ့် လာမယ့်နွေမှာတော့ ကိုလို မူအာနီနဲ့ ဂွန်ကာလို ရာမို့စ်တို့ကို အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနိုင်တာမို့ ဆာလာသာ လီဗာပူးလ်နဲ့ စာချုပ်သစ် မချုပ်ဖြစ်ရင် free transfer နဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။
ဂျုဗင်တပ်စ်အသင်းကတော့ free agent player တွေကို အမြဲ ခေါ်ယူတက်လေ့ရှိတဲ့ အသင်းပီပီ free agent market ထဲမှာ ဆာလာလို ကစားသမားမျိုး ပါဝင်လာမယ်ဆိုရင်တော့ သေချာပေါက် ကြိုးပမ်းလာဖို့ ရှိနိုင်ပြီး ဆာလာကလည်း ရိုးမားနဲ့အတူ စီးရီးအေမှာ ကျင်လည်ခဲ့ဖူးတဲ့ ကစားသမားဖြစ်လို့ ရအောင် ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။