ပူပူနွေးနွေး ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီတို့က ပြင်သစ် နာမည်ကြီးကလပ် လိုင်ယွန်ရဲ့ လူငယ်ကြယ်ပွင့် ဘာကိုလာကို ခေါ်ယူရန် အပြိုင် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ပြင်သစ် ယူ-၂၁ လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဘာကိုလာက လိုင်ယွန်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး ဘာကိုလာက ပြီးခဲ့တဲ့ရာသီမှာ လိုင်ယွန်အတွက် အထူး ခြေစွမ်းပြ ကစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဘာကိုလာက ညာတောင်ပံမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပေမယ့် လိုအပ်ရင် ဘယ်တောင်ပံနဲ့ အထောင်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပြီး သူက ပြီးခဲ့တဲ့ရာသီမှာ လိုင်ယွန်အတွက် ပြိုင်ပွဲစုံ ၃၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘာကိုလာက ညာခြေအားသန် ကစားသမား တဦး ဖြစ်ပြီး မြန်နှုန်းမြင့် ကစားဟန်နဲ့ ကစားတတ်သလို ပြိုင်ဘက်တွေကို အလွယ်တကူ လိမ်ခေါက် ဖြတ်ကျော်ကာ အသင်းဖော်တွေ အတွက် နေရာလွတ်တွေ ၊ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးတတ်ပါတယ်။

Photo Credit: Euro Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goalရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီနဲ့ မန်ချက်စတာ စီးတီးတို့က ဘာကိုလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ စီးတီးက အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ မာရက်ဇ်ရဲ့ နေရာအတွက် ဘာကိုလာကို ခေါ်ယူချင်နေတာ ဖြစ်သလို ပီအက်စ်ဂျီကလည်း သူတို့ရဲ့ ပြင်သစ် လူငယ်ကြယ်ပွင့် စုဆောင်းရေး စီမံကိန်းအတွက် ဘာကိုလာကို လိုချင်နေတာ ဖြစ်ကြောင်း သိရပါတယ်။

ဘာကိုလာရဲ့ မိခင်ကလပ် ဖြစ်တဲ့ လိုင်ယွန်ကတော့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဘာကိုလာကို ယခု နွေဈေးကွက် အတွင်းမှာ ရောင်းချဖို့ စိတ်ကူးမရှိသေးပဲ တန်ကြေးမြင့် ကမ်းလှမ်းမှုတွေ ရောက်လာမှသာ ဘာကိုလာကို ရောင်းချဖို့ စဉ်းစားမယ်လို့ နီးစပ်သူတွေက အခိုင်အမာ ပြောကြားထားပါတယ်။