ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကတော့ ပြည်တွင်းပြိုင်ဘက် လိုင်လီရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ရီနာတို ဆန်းချက်ဇ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်က ခြေစွမ်းခြေစ ရှိတဲ့ ကစားသမား တဦး ဖြစ်ပေမယ့် စည်းကမ်းပိုင်း အားနည်းတဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ အဲ့ဒီ အားနည်းချက်ကြောင့်ပဲ လိုင်လီက သူ့ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားတာပါ။

Photo Credit: The Sun

ဒါပေမယ့် ယခု နွေဈေးကွက် အတွင်းမှာပဲ နိုက်စ်ကနေ ပီအက်စ်ဂျီထံ ပြောင်းရွှေ့လာခဲ့တဲ့ ပြင်သစ်နည်းပြ ဂယ်လ်တီယာက သူ့ရဲ့ တပည့်ဟောင်း ရီနာတို ဆန်းချက်စ်ရဲ့ ခြေစွမ်းတွေကို ယုံကြည်သူ ဖြစ်ပြီး ရီနာတို ဆန်းချက်စ်ကလည်း ဂယ်လ်တီယာရဲ့ လက်အောက်မှာ လိုင်လီရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

ရီနာတို ဆန်းချက်စ်က ဂယ်လ်တီယာရဲ့ လက်အောက်မှာ ကစားခဲ့ရတဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ လိုင်လီအတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၉ပွဲ အထိ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိခဲ့ကာ လိုင်လီနဲ့အတူ လီဂူးဝမ်း ချန်ပီယံအဖြစ်ပါ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ပီအက်စ်ဂျီနည်းပြ ဖြစ်လာတဲ့ ဂယ်လ်တီယာက သူ့ရဲ့ တပည့်ဟောင်း ရီနာတို ဆန်းချက်စ်ကို အသင်းသစ်ဆီ ခေါ်ဆောင်ဖို့ ကြိုးစားနေပြီး ရီနာတို ဆန်းချက်စ်ကလည်း ဆရာဟောင်း ဂယ်လ်တီယာနဲ့ ပြန်လည် လက်တွဲဖို့ ဆုံးဖြတ်ထားကာ ယနေ့မှာပဲ ရီနာတို ဆန်းချက်စ်နဲ့ ပီအက်စ်ဂျီတို့ ကြားမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ကြောင်း ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Le Parisen သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။

Le Parisen သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ရီနာတို ဆန်းချက်စ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ရီနာတို ဆန်းချက်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားကာ လိုင်လီကတော့ ရီနာတို ဆန်းချက်စ် အတွက် ပြောင်းရွှေ့ကြေး တိုးပေးဖို့ တောင်းဆိုနေကြောင်း သိရပါတယ်။