MySport Myanmar

တူနီးရှား နဲ့ သြစတြေးလျအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ အုပ်စုအဆင့် ပွဲစဉ်(၂) ဒုတိယညပွဲစဉ်တွေထဲကမှ ညနေ(၄)နာရီခွဲအချိန်မှာ ကျင်းပသွားမယ့် အာဖရိကအသင်း တူနီးရှားနဲ့ အာရှတိုက် ကိုယ်စားပြု သြစတြေးလျအသင်းတို့ရဲ့ ပွဲစဉ်အကြောင်းကို သုံးသပ်ပေးသွားချင်ပါတယ်။

Photo Credit : FanDuel

တူနီးရှားအသင်းက အဖွင့်ပွဲမှာ ဒိန်းမတ်အသင်းကို ဂိုးမရှိသရေကျအောင် ကစားနိုင်ခဲ့ပြီး သူတို့ရဲ့ကစားပုံ မာကြောကျစ်လစ်မှုကို ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တူနီးရှားဟာ အုပ်စုနောက်ဆုံးပွဲမှာ ပြင်သစ်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အုပ်စုတတ်ဖို့အတွက်ဆိုရင် အခုလို ပွဲမျိုးမှာ မဖြစ်မနေ အမှတ်ပြည့်ယူထားဖို့ လိုအပ်ပါမယ်။ အသင်းမှာ နာမည်ကျော် ကစားသမားတွေ မပါဝင်ပေမယ့်လည်း အသင်းလိုက် ကစားပုံ မာကြောမှုကို ဒိန်းမတ်နဲ့ပွဲမှာ ပြသထားနိုင်ခဲ့သလို အခုပွဲမှာလည်း ထပ်မံ ပြသလာမှာ သေချာပါတယ်။

Photo Credit : Sports Mole

ကမ္ဘာ့ချန်ပီယံ ပြင်သစ်အသင်းကို ပွဲအစ(၉)မိနစ်မှာပဲ စတင် ဦးဆောင်လိုက်ပြီးမှ လုံးဝ ယှဉ်မကစားနိုင်တော့ပဲ (၄)ဂိုး (၁)ဂိုးနဲ့ အရှုံးပေးခဲ့ရတဲ့ သြစတြေးလျက တစ်ခုခု လုပ်ပြနိုင်တဲ့ ပုံစံမျိုး ရှိနေပေမယ့် သူတို့ထက် ကောင်းမွန်တဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့ ပွဲချိန်ကြာကြာအထိ မတောင့်ခံထားနိုင်တတ်တဲ့ အားနည်းချက်မျိုး ရှိနေပါတယ်။ အခုလည်း သူတို့အသင်းထက် အနည်းငယ် သာလွန်နေတဲ့ တူနီးရှားနဲ့ ဆုံတွေ့ရချိန်မှာ ဘယ်လို ကစားပုံဗျူဟာမျိုးနဲ့ ကစားသွားမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။

Photo Credit : The Sun

ဒီပွဲမှာ နိုင်ပွဲအတွက် ပိုပြီး အလေးပေးခံနေရတဲ့ တူနီးရှားအတွက် ဒီပွဲက လုံးဝ must win game ပါ။ ဒီပွဲကို နိုင်ထားလိုက်မှ နောက်တစ်ဆင့်တတ်ရေးအတွက် မျှော်လင့်ချက်ရှိလာမှာဖြစ်လို့ နိုင်ပွဲအတွက်ကိုပဲ ဦးတည်လာပါလိမ့်မယ်။ တစ်ဖက်မှာကလည်း ကမ္ဘာ့ဖလား (၄)ကြိမ်ဆက်တိုက် အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ထားခဲ့ရတဲ့ သြစတြေးလျတို့ ဒီတစ်ကြိမ် အုပ်စုကနေ လှည့်မပြန်ရအောင် အားထည့်လာမှာပါ။ ဒါပေမယ့် သြစတြေးလျတို့ တူနီးရှားဆီက အမြင့်ဆုံး သရေတစ်မှတ်လောက် မျှော်လင့်နိုင်တာဖြစ်လို့ ဂိုးအနည်းနဲ့ သရေကျသွားနိုင်ပြီး နိုင်မယ်ဆိုရင်တော့ တူနီးရှားပဲ ကပ်နိုင်သွားနိုင်ပါတယ်။

Exit mobile version