MySport Myanmar

ဘယ်လ်ဂျီယံ နဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပလာခဲ့ရာ အခုဆိုရင် အုပ်စုပွဲစဉ်တွေ အဆုံးသတ်တော့မယ့် အချိန်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင်တော့ အုပ်စု(E)နဲ့ အုပ်စု(F)တို့ရဲ့ အုပ်စုနောက်ဆုံးပွဲတွေကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး အဲ့ဒီထဲကမှ ဒီနေ့ည (၉)နာရီအချိန်မှာ ယှဉ်ပြိုင်သွားမယ့် အုပ်စု(F)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ခရိုအေးရှားအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sports Mole

ကမ္ဘာ့အဆင့်(၂)အသင်း ဘယ်လ်ဂျီယံက ကနေဒါကိုနိုင် မော်ရိုကို ကို ရှုံးနိမ့်ခဲ့ပြီး လက်ရှိမှာ (၃)မှတ် ရရှိထားခဲ့ပါတယ်။ နှစ်ပွဲလုံးမှာ ကမ္ဘာ့အဆင့်(၂)နေရာကို ဘာကြောင့်ရောက်နေရလဲဆိုပြီး မေးခွန်းထုတ်ရလောက်တဲ့အထိ ဘယ်လ်ဂျီယံ ကစားပုံက လိုအပ်ချက်တွေ ရှိနေခဲ့ရသလို အသင်းအတွင်းမှာလည်း စည်းလုံးမှုတွေ ပြိုကွဲနေရပါတယ်။ အခုပွဲမှာလည်း သူတို့အနေနဲ့ ခရိုအေးရှားကို သရေသာ ကစားနိုင်ခဲ့မယ်ဆိုရင် မော်ရိုကိုက ဂိုးကွာခြားချက်မှာ သာနေသေးလို့ ဘယ်လ်ဂျီယံအတွက်တော့ ဒီပွဲက မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲပါပဲ။

Photo Credit : ESPN

ခရိုအေးရှားကတော့ မော်ရိုကိုနဲ့ပွဲမှာ ဂိုးမရှိသရေ ကစားခဲ့အပြီး ကနေဒါကိုတော့ တိုက်စစ်စွမ်းဆောင်ရည်ကောင်း ပြသရင်း အနိုင်ရခဲ့ပါတယ်။ လက်ရှိမှာ ရမှတ်(၄)မှတ် ပိုင်ဆိုင်ထားပြီး မော်ရိုကိုနဲ့ အမှတ်ချင်း တူနေပေမယ့် ဂိုးကွာခြားချက်မှာ (၁)ဂိုး အသာရနေပါတယ်။ ခရိုအေးရှားအတွက် အခုပွဲက သရေတစ်မှတ်လောက် ရလိုက်ရုံနဲ့ လုံလောက်တဲ့ ပွဲစဉ်ဖြစ်နေပေမယ့် အုပ်စုဗိုလ်နေရာ ရဖို့အတွက်ဆိုရင်တော့ ဘယ်လ်ဂျီယံကို အနိုင်ကစားဖို့ လိုအပ်ပါမယ်။

Photo Credit  : Telecom Asia

အုပ်စု(F)မှာက ခရိုအေးရှား မော်ရိုကို ဘယ်လ်ဂျီယံ အသင်း(၃)သင်းထဲက အသင်း(၂)သင်း နောက်တစ်ဆင့်တတ်ဖို့ အခွင့်အလမ်း ရှိနေတဲ့အတွက် ဒါကို အသုံးချန်ိုင်ဖို့ အကြိတ်အနယ် ကြိုးစားအားထုတ်လာပါလိမ့်မယ်။ ကစားသမားအင်အားအရဆိုရင် ဘယ်လ်ဂျီယံက အသာရနေတယ်ဆိုပေမယ့်လည်း လက်ရှိ form အရတော့ ခရိုအေးရှားက အားသာနေပါတယ်။ သရေပွဲ ဖြစ်သွားနိုင်ခြေရှိပြီး ဘယ်လ်ဂျီယံရဲ့ ကစားအားကို တစ်ချက် စောင့်ကြည့်သွားချင်ပါတယ်။

Exit mobile version