MySport Myanmar

ဘယ်လ်ဂျီယံ နဲ့ ကနေဒါအသင်းတို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်

ဒီနေ့ညမှာ ကျင်းပသွားမယ့် ၂၀၂၂ကာတာကမ္ဘာ့ဖလားပွဲစဉ်တွေထဲကမှ နောက်ဆုံးသောပွဲဖြစ်တဲ့ မနက်(၁)နာရီခွဲအချိန်မှာ ကျင်းပမယ့် ဘယ်လ်ဂျီယံအသင်းနဲ့ ကနေဒါအသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Al JaZeera

ဒီဘရိုင်းနား လူကာကူ ကော်တိုအာ ဟာဇက် အစရှိတဲ့ ကစားသမားတွေနဲ့ ဘယ်လ်ဂျီယံ လူစာရင်းက တောင့်တင်းနေတယ်လို့ ထင်ရပေမယ့်လည်း ရွှေရောင်မျိုးဆက် ကစားသမားတချို့က အကျပိုင်းကို ရောက်နေပြီဖြစ်သလို ဒီကစားသမားတွေနေရာကို အစားဝင်ရောက်လာမယ့် လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဟာလည်း အားထားရမယ့် အခြေအနေမျိုးမှာ ရှိမနေသေးပါဘူး။ ဒါ့အပြင် ဘယ်လ်ဂျီယံဟာ နောက်ဆုံးကစားထားတဲ့ (၂)ပွဲဆက်တိုက်အထိလည်း ရှုံးပွဲ ကြုံထားခဲ့ရပါသေးတယ်။

Photo Credit : TSN

၁၉၈၆ခုနှစ် ကမ္ဘာ့ဖလားမှာသာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆင်နွဲဖူးထားတဲ့ ကနေဒါဟာ ကမ္ဘာ့ဖလား အတွေ့အကြုံနုနယ်လှတဲ့ အသင်းဖြစ်ပေမယ့် နှစ်ပေါင်းများစွာကြာမှ ကမ္ဘာ့ဖလားကို ပြန်လည် ဆင်နွဲခွင့်ရထားတဲ့ ကနေဒါရဲ့ အခြေအနေက စောင့်ကြည့်ချင်စရာပါ။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်မှာ အဓိက ကစားသမားနေရာကနေ ပါဝင်နေတဲ့ ကနေဒါ left-back ကစားသမား အယ်လ်ဖွန်ဆိုဒေးဗီစ် ဒီပွဲအတွက် fully fit ဖြစ်နေမလားဆိုတာလည်း စောင့်ကြည်သွားရဦးမှာပါ။

Photo Credit : The Sun

ဘယ်လ်ဂျီယံနဲ့ ကနေဒါတို့ဟာ တစ်ကြိမ်တစ်ခါမှ ဆုံတွေ့ဖူးထားခြင်းမရှိပေမယ့် ကစားသမားအင်အားပိုင်း ကမ္ဘာ့ဖလား အတွေ့အကြုံပိုင်းတွေမှာတော့ ဘယ်လ်ဂျီယံက အပြတ်အသတ် အသာရနေပါတယ်။ ဘယ်လ်ဂျီယံအနေနဲ့ကလည်း ခရိုအေးရှား မော်ရိုကို ကနေဒါတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပြီး ခရိုအေးရှားနဲ့ မော်ရိုကိုတို့က သူတို့အတွက် ပိုမိုပြီး ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်လာနိုင်တာကြောင့် ကနေဒါနဲ့ ရင်ဆိုင်ရတုန်းမှာ နိုင်ပွဲ ရယူထားဖို့က အရေးတကြီး လိုအပ်ပါလိမ့်မယ်။ (၂)ဂိုး (၁)ဂိုးလောက်နဲ့ ဘယ်လ်ဂျီယံ အနိုင်ရသွားနိုင်ပါတယ်။

Exit mobile version