ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့ ကိုရိုနာဗိုင်းရပ် ဟာ လက်ရှိအချိန်မှာတော့ ဥရောပတိုက်မှာ လျင်လျင်မြန်မြန်ပဲ ပျံ့နှံ့နေတာကြောင့် နိုင်ငံ အများစုဟာ ကာကွယ်ရေးအစီအမံတွေကို အလျင်စလို ပြုလုပ်နေကြရပါတယ်။ အဆိုပါ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့တဲ့ နိုင်ငံတွေထဲမှာ အင်္ဂလန် နိုင်ငံလဲ ပါဝင်နေပြီး လက်ရှိမှာတော့ ကမ္ဘာပေါ်မှာ ပရိသတ် အားပေးမှုအများဆုံးလိဂ် တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ဟာလည်း အီတလီစီးရီးအေ နည်းတူ ရပ်ဆိုင်းရဖို့ အလားအလာတွေ ရှိနေပါတယ်။

Photo Credit: Metro.com

ယနေ့မနက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ်နည်းပြ အာတီတာ ၊ ချယ်လ်ဆီး ကစားသမား အိုဒွိုင်းတို့ဟာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံထားရကြောင်း အတိအကျ သိရှိခဲ့ရပြီး လက်စတာအသင်းရဲ့ ကစားသမားတွေ ၊ မန်စီးတီးအသင်း နောက်ခံလူ မန်ဒီတို့ဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတယ်လို့ သံသယ ဝင်ခံနေရတာကြောင့် ကျန်းမာရေးအဖွဲ့ရဲ့ အနီးကပ်စောင့်ကြည့်မှုကို ခံယူနေရပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်နဲ့ အင်္ဂလန်အစိုးရအဖွဲ့ဟာ အဆိုပါ ကိုရိုနာပြဿနာရပ်နဲ့ ပတ်သတ်ပြီး ညှိနှိုင်းဆွေးနွေးမှုတစ်ခုကို ယနေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ပြီးပြီ လို့ သိထားရပါတယ်။

Photo Credit: Metro.com

သတင်းတွေအရတော့ အဆိုပါအစည်းအဝေး မှာ အဓိက ဆွေးနွေးမယ့် အကြောင်းအရာက ကိုရိုနာဗိုင်းရပ် ပျံ့နှံ့နေမှုကြောင့် လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီကို ဖျက်သိမ်းမလား ၊ ဆက်ကစားမလားဆိုတာ ဖြစ်ပြီး လတ်တလောမှာတော့ ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်း အများစုဟာ ဖျက်သိမ်းဖို့အတွက် ဆန္ဒရှိနေကြတယ်လို့ သိရှိရပါတယ်။ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရတော့ ဥရောပမှာ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့နေတာကြောင့် ဘောလုံးပွဲတွေကျင်းပနေမှုကို ရပ်ဆိုင်းနေကြသလို စီးရီးအေ ၊ ပေါ်တူဂီလိဂ် စတဲ့ ထိပ်တန်းလိဂ်တွေဟာ ယခုနှစ်ဘောလုံးရာသီကို ပယ်ဖျက်ခဲ့ကြပြီးပြီလည်း ဖြစ်ပါတယ်။ အကယ်္၍ ပရီးမီးယားလိဂ်ကသာ ယခုနှစ် ဘောလုံးရာသီကို ဖျက်သိမ်းခဲ့ပါက ကျွန်တော် တို့ ချစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို နောက်ထပ် ၆လကြာပြီးမှ မြင်တွေ့ခံစားခွင့်ရရှိတော့မှာပါ။