ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် ကျွန်တော်တို့တွေ အပတ်စဉ်တိုင်း အားပေးနေရတဲ့ ဘောလုံးပြိုင်ပွဲတွေနဲ့ ဝေးကွာနေရတာဟာ လပိုင်းလောက်ကို ကြာမြှင့်သွားခဲ့ရပါတယ်။ ရည်းစားပူမိနေသလို ဘောလုံးပွဲတွေကို လွမ်းဆွတ်တမ်းတနေရတဲ့ ကျွန်တော်တို့လို ဘောလုံးဝါသနာအိုးတွေအတွက် ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲ ပြန်လည်ကျင်းပဖြစ်တာက ရေငတ်တုန်း ရေတွင်းထဲကျဆိုသလိုပဲ အလွမ်းပြေသွားခဲ့ရတယ်ဆိုပေမယ့် ဒီနိုင်ငံက ဘောလုံးပရိသတ် တော်တော်များများကတော့ အင်္ဂလန်ပရီးမီးယားလိဂ်ကိုသာ အားအပေးဆုံးဖြစ်သလို ဒါပြီးရင် မက်ဆီ ရော်နယ်ဒိုတို့ရှိရာ လာလီဂါနဲ့ စီးရီးအေတို့ကို ဆက်လက်အားပေးကြတာဖြစ်လို့ ဒီလိဂ်တွေကိုလည်း အရင်တိုင်း ပြန်လည်ကျင်းပစေချင်နေပါတယ်။

Photo Credit : Sky Sport

အခု ကျွန်တော်တို့ရဲ့ စိတ်ဆန္ဒတွေ ပြည့်ဝရတော့မှာဖြစ်ပါတယ်။ လာမယ့်ဇွန်လအတွင်း ဥရောပရဲ့ ထိပ်သီးလိဂ်(၃)ခုဖြစ်တဲ့ ပရီးမီးယားလိဂ် စီးရီးအေနဲ့ လာလီဂါပြိုင််ပွဲတွေကို တရားဝင် ပြန်လည်စတင်တော့မှာဖြစ်ပြီး ဒါဟာ ဘောလုံးချစ်သူတွေအတွက် မဟာသတင်းကောင်းကြီးတစ်ပုဒ်ပါပဲ။ ပထမဆုံး ပရီးမီးယားလိဂ်ဘက်နဲ့ စတင်လိုက်ချင်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ ပတ်သက်တဲ့သတင်းကတော့ မနေ့ကမှ ထွက်ပေါ်လာခဲ့တာဖြစ်ပြီးတော့ လာမယ့်ဇွန်လ(၁၇)ရက်နေ့မှာပဲ ပြိုင်ပွဲကို ပြန်လည်ကျင်းပတော့မှာဖြစ်ပြီး ပွဲကျန်(၂)ပွဲဖြစ်နေတဲ့ မန်စီးတီးနဲ့အာဆင်နယ်ပွဲ ဗီလာနဲ့ရှက်ဖီးပွဲတွေကို အရင်ဆုံး ယှဉ်ပြိုင်ကစားစေမယ်လို့ သိရပါတယ်။

Photo Credit : The Statement

ယခင်က ဇွန်လ(၁၂)ရက်နေ့ ပြန်လည်ကျင်းပဖို့ စီစဉ်ထားပေမယ့်လည်း လေ့ကျင့်ချိန်ပိုရအောင် နောက်ဆုတ်ပေးခဲ့ရာကနေ (၁၇)ရက်ကို ရောက်သွားတာဖြစ်ပြီး ဇူလိုင်(၂၆)လောက်မှာ အဆုံးသတ်ဖွယ်ရှိပါတယ်။ ပရီးမီးယားလိဂ်နဲ့ မရှေးမရှောင်းမှာပဲ စီးရီးအေဘက်ကနေလည်း လာမယ့်ဇွန်လ(၂၀)ရက်မှာ ပြိုင်ပွဲကို ပြန်လည်စတင်မယ်လို့ အီတလီအားကစားဝန်ကြီးကနေ ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ စီးရီးအေပြိုင်ပွဲကို သြဂုတ်လလယ်ပိုင်းအထိ နောက်ဆုံးထား ကျင်းပဖို့ကိုလည်း အီတလီဘောလုံးအဖွဲဲ့ချုပ်ကနေ တိုက်တွန်းလို့ထားပါတယ်။ ဒီပြိုင်ပွဲ(၂)ခုထက် ကြေညာချက် ပိုစောပြီး ထုတ်ပြန်နိုင်ခဲ့တဲ့ စပိန်လာလီဂါကတော့ ဇွန်လ(၁၁)ရက်နေ့မှာ ပြိုင်ပွဲကို ပြန်လည်စတင်ဖို့ရှိနေပြီး (၃၂)ရက်အတွင်းမှာပဲ ရာသီကုန်တဲ့အထိ အပြီးသတ်ကျင်းပဖို့ရှိကြောင်း လာလီဂါဘောလုံးအဖွဲ့ချုပ်ဥက္ကဌကနေ ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။