ဒီတစ်ပတ်ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ စိတ်ဝင်စားဖွယ် ပွဲကောင်းတွေနဲ့ ပြည့်နက်လို့နေတဲ့အပြင် ဒီပွဲစဉ်တွေအပြီးမှာပဲ နိုင်ငံတကာ့ပွဲစဉ်တွေကို ဝင်ရောက်လာဦးမှာဖြစ်လို့ ကလပ်အသင်းတွေရဲ့ ပွဲစဉ်တွေကိုပဲ နှစ်သက်ကြတဲ့ ဘောလုံးပရိသတ်တွေအနေနဲ့ အခု Weekend ထဲက ပွဲစဉ်တွေကို မလွတ်တမ်းစောင့်ကြည့်သွားသင့်ပါတယ်။ ဒါ့အပြင် ဒီနေ့ စနေနေ့ညရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာတော့ လန်ဒန်ဒါဘီပွဲစဉ်ရယ် နာမည်ကျော်နည်းပြတွေဖြစ်တဲ့ ဘီယဲလ်ဆာနဲ့ ဂွာဒီယိုလာတို့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပွဲကောင်းတွေလည်း ပါဝင်နေတာဖြစ်လို့ ဒီပွဲတွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ချယ်လ်ဆီး နဲ့ ခရစ္စတယ်ပဲလေ့စ် (ညနေ၆နာရီ)

Photo Credit : Squawka

လန်ဒန်အခြေစိုက်နှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက စိတ်ဝင်စားဖို့ကောင်းနေမှာ သေချာနေပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို အနိုင်ရထားခဲ့တဲ့ ချယ်လ်ဆီးဟာ ဒီနောက်ပိုင်းမှာ ရလဒ်တွေ မတည်မငြိမ် ဖြစ်လာခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၄)ပွဲမှာ (၃)ပွဲ နိုင်ပွဲပျောက်ထားခဲ့ရသလို အိမ်ကွင်းနိုင်ပွဲလည်း မရှိသေးပါဘူး။ ဒီလိုအခြေအနေရှိနေတဲ့ ချယ်လ်ဆီးကို ပဲလေ့စ်တို့ ကောင်းကောင်းဒုက္ခပေးနိုင်ပါလိမ့်မယ်။ ပူလီဆစ်နဲ့ ဇီယက်ရှ်တို့ ပါလာခဲ့ရင်တောင် ခံစစ်က စိတ်ချရတဲ့ အနေအထားမဟုတ်လို့ ချယ်လ်ဆီးတို့ အနိုင်ရမယ်ရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။

အဲဗာတန် နဲ့ ဘရိုက်တန် (ည၈နာရီခွဲ)

Photo Credit : AP Noticias Peru

အဲဗာတန်ကတော့ စံချိန်တင်ရလောက်တဲ့အထိကို နိုင်ပွဲတွေဆက်နေသလို တိုက်စစ်မှူးလီဝင်ကလည်း ဂိုးမြူးလို့နေပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေနဲ့ပဲ ပွဲဆက်တွေများစွာ ကစားထားခဲ့သလို လိဂ်ဖလားပွဲမှာလည်း ရစ်ချာလီဆန်နဲ့ အယ်လန်တို့ ဒဏ်ရာကိုယ်စီရသွားခဲ့တာကြောင့် အသင်းရဲ့ကစားပုံကို အနည်းငယ်ထိခိုက်သွားစေနိုင်ပါတယ်။ ယူနိုက်တက်ကို အချိန်ပိုမှ ကပ်ပြီးအရေးနိမ့်ခဲ့ရတဲ့ ဘရိုက်တန်ရဲ့ကစားပုံကလည်း တကယ့်ကို အားရစရာကောင်းပါတယ်။ ဒါကြောင့် ဒီပွဲက မမျှော်လင့်ပဲ သရေကျသွားနိုင်ပါတယ်။

လိဒ်စ်ယူနိုက်တက် နဲ့ မန်စီးတီး (ည၁၁နာရီ)

Photo Credit : Sky Sports

ဘီယဲလ်ဆာနဲ့ ဂွာဒီယိုလာတို့ရဲ့ထိပ်တိုက်ရင်ဆိုင်ရမယ့် ဒီပွဲက ဒီနေ့ညအတွက်တော့ စိတ်ဝင်စားဖို့အကောင်းဆုံးပါ။ ချန်ပီယံလီဗာပူးလ်ကို ကပ်အရေးနိမ့်ခဲ့ရတဲ့ လိဒ်စ်တို့ နောက်ထပ်ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးဖြစ်တဲ့ မန်စီးတီးကိုလည်း ဘယ်လိုအခက်တွေ့အောင် ကစားပြမလဲဆိုတာက စိတ်ဝင်စားစရာပါ။ လိဒ်စ်က ကွင်းလယ်နဲ့တိုက်စစ်ကစားပုံ မဆိုးလှပေမယ့် ခံစစ်ပိုင်းအားနည်းနေတာမို့ မန်စီးတီးတိုက်စစ်ကို တားဆီးရခက်စေနိုင်သလို ခံစစ်က စိတ်မချရသေးတဲ့ မန်စီးတီးဘက်ကလည်း လိဒ်စ်ကို သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုရနိုင်ပါတယ်။ ဂိုးများနိုင်တဲ့ပွဲဖြစ်သလို မန်စီးတီးကပ်နိုင်သွားဖွယ် ရှိနေပါတယ်။

နယူးကာဆဲလ် နဲ့ ဘန်လေ (ည၁နာရီခွဲ)

Photo Credit : Sky Sports

ခြေစွမ်းပိုင်းခြင်း သိပ်မကွာလှတဲ့ အသင်းနှစ်သင်းဆိုပေမယ့်လည်း အိမ်ရှင်နယူးကာဆဲလ်ကတော့ ဘန်လေထက် ကစားသမားအင်အား သာလွန်လို့နေပါတယ်။ ဒါပေမယ့် နယူးကာဆဲလ်က အဝေးကွင်းတွေကျမှ ရလဒ်ကောင်းတတ်သလို ဖြစ်နေရတတ်တာကြောင့် ဒီပွဲလည်း ဘယ်လိုရလဒ်တွေ ဖော်ဆော်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘန်လေကလည်း မနှစ်က ဘောလုံးရာသီလိုပဲ ရာသီအစမှာ အထလေးလို့နေပြီး တိုက်စစ်ကစားပုံက အားရစရာ အနေအထားမှာ ရှိမနေပါဘူး။ သရေကျနိုင်တဲ့ပွဲဖြစ်ပေမယ့် အိမ်ရှင်အသင်းကိုပဲ သဘောကျမိပါတယ်။