ပရီးမီးယားလိဂ်ပြိုင်ပွဲ ပါဝင်ကစားနေတဲ့ ဒါမှမဟုတ်လည်း ပါဝင်ကစားခဲ့ဖူးတဲ့ ကစားသမားတွေအားလုံးထဲမှာ အရပ်အမြင့်ဆုံး ကစားသမားက ဘယ်သူလဲလို့ မေးလိုက်မယ်ဆိုရင် စာဖတ်သူ တော်တော်များများရဲ့ မျက်လုံးထဲမှာ အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီး ပီတာခရောက်ချ်ကို ပြေးမြင်မိကြမှာ သေချာပါတယ်။ အရပ်(၆)ပေ(၇)လက်မအထိကို မြင့်မားပြီး အမြင့်ဘောတွေကို ကောင်းမွန်ပိုင်နိုင်လှတဲ့ ပီတာခရောက်ချ်ဟာ ဘောလုံးပရိသတ်တွေ အသိများတဲ့ ပရီးမီးယားလိဂ်ရဲ့ အရပ်အမြင့်ဆုံး ကစားသမားလို့ ထင်မှတ်နေမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။

Photo Credit : The Sun

ယခင်ကတည်းက ပီတာခရောက်ချ်ထက် (၁)လက်မလေး ပိုမြင့်ပြီး (၆)ပေ(၈)လက်မနဲ့ ပရီးမီးယားလိဂ်ရဲ့ အရပ်အမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်ထားနိုင်ခဲ့သူက (၂)ဦးအထိကို ရှိထားပါတယ်။ ပထမဆုံးတစ်ယောက်ကိုတော့ မန်စီးတီး ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ သူက မန်စီးတီးဂိုးသမားဟောင်း ပန်တီလီမွန်ပါ။ နောက်တစ်ယောက်ကတော့ မထင်မရှား ကစားသမားတစ်ယောက်ဖြစ်ပြီး အဲဗာတန်အသင်းမှာ အငှားနဲ့ လာရောက်ကစားခဲ့ဖူးတဲ့ အိုင်ဗရီကို့စ် တိုက်စစ်ကစားသမား လာစီနာထရာအိုရေး ဖြစ်ပါတယ်။ သူတို့(၂)ယောက်လုံးဟာ အရပ်(၆)ပေနဲ့ (၈)လက်မအထိကို မြင့်မားကြပါတယ်။

Photo Credit : The Sun

ဒါပေမယ့် ဒီကစားသမား(၂)ဦးလုံးက လက်ရှိ ပရီးမီးယားလိဂ်မှာ ကစားနေကြတော့တဲ့သူတွေ မဟုတ်သလို သူတို့ရဲ့စံချိန်နဲ့ တူညီလို့နေတဲ့ ကစားသမားတစ်ယောက်ကပါ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့ပါတယ်။ သူကတော့ နယ်သာလန်ဂိုးသမား ဂျယ်လ်ရှတ်ပန်ဖြစ်ပါတယ်။ အသက်(၂၁)နှစ်သာ ရှိနေသေတဲ့ ဂိုးသမား ရှတ်ပန်ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းကနေ ဘရိုက်တန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းမှာ စပိန်ဂိုသမား ရောဘတ်ဆန်းချက်ဇ်နဲ့အပြိုင် နံပါတ်တစ်နေရာအတွက် ပြိုင်ပွဲဝင်သွားမယ့် လူငယ်ဂိုးသမားလေးတစ်ဦး ဖြစ်ပါတယ်။ ဒီဂိုးသမားလေးဟာ အရပ်အမြင့် (၆)ပေ(၈)လက်မအထိကို မြင့်မားသူဖြစ်လို့ ဒီနှစ်ပရီးမီးယားလိဂ် ကစားသမားတွေအားလုံးထဲမှာ အရပ်အမြင့်ဆုံး ဖြစ်နေရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတလျှောက် အရပ်အမြင့်ဆုံး ကစားသမား(၃)ယောက်ထဲမှာပါ ပါဝင်သွားခဲ့ရပါတယ်။ ဒီလို အရပ်အမောင်း မြင့်မားလှတဲ့ ရှတ်ပန်အနေနဲ့ သူရဲ့စီနီယာတွေဖြစ်တဲ့ ဗန်ဒါဆား စတီကလန်ဘတ် တင်ကာရူး မီချယ်ဗွန်းတို့လို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အောင်မြင်တဲ့ ဂိုးသမားတစ်ဦး ဖြစ်လာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်သွားရပါလိမ့်မယ်။