ပရီးမီးယားလိဂ်ပြိုင်ပွဲ ကစားသမားများအနေနဲ့ ပြိုင်ဘက်အသင်းရဲ့ ကစားသမားတွေအပေါ် လှောင်ပြောင်ခြင်း ဒါမှမဟုတ် ဝေဖန်ခြင်းအထိ ကျော်လွန်သွားတဲ့ အောင်ပွဲခံခြင်းတွေ ရှိလာခဲ့မယ်ဆိုရင် ဒီအပြုအမှုများအတွက် ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ ပရီးမီးယားလိဂ် တာဝန်ရှိသူများဘက်က သတိပေးချက် ထုတ်ပြန်လာခဲ့ပါတယ်။

အာဆင်နယ်က မန်ချက်စတာ စီးတီးအသင်းကို (၅)ဂိုး (၁)ဂိုးနဲ့ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုး သွင်းယူခဲ့တဲ့ အာဆင်နယ် ကစားသမားလေး စကယ်လီဟာ မန်စီးတီး တိုက်စစ်မှူး ဟာလန်းရဲ့ တရားထိုင်တဲ့ အောင်ပွဲခံမှု ပုံစံအတိုင်းနဲ့ တုပ အောင်ပွဲခံသွားခဲ့ပါတယ်။

Photo Credit : Goal

ဒီဖြစ်ရပ်အပြီးမှာပဲ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေက ကစားသမားတွေရဲ့ အောင်ပွဲခံများကို စောင့်ကြည့်သွားမှာဖြစ်ပြီး ကစားသမားတွေအနေနဲ့ ပြိုင်ဘက်ကစားသမားများနဲ့ ပြိုင်ဘက်ပရိသတ်တွေအတွက် မလေးစားမှု ဖြစ်စေတယ်လို့ ယူဆပါက ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အာဆင်နယ် လူငယ်ကစားသမားလေး မိုင်းစ် လူးဝစ် စကယ်လီရဲ့ ဟာလန်းရဲ့ ဂိုးသွင်းအောင်ပွဲခံတဲ့ ပုံစံအတိုင်း လှောင်ပြောင် အောင်ပွဲခံမှုက အတော်လေး ပြောစရာ ဖြစ်ခဲ့ရသလို ပြီးခဲ့တဲ့ လတုန်းကလည်း အဲဗာတန် တိုက်စစ်မှူး အန်ဒီအာယီက ဘရိုက်တန်ဘက်ကို ဂိုးသွင်းပြီး ဘရိုက်တန်ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ စင်ရော်ငှက်လိုမျိုး အောင်ပွဲခံခဲ့လို့ အဝါကတ်ပါ ပြသခံခဲ့ရပါတယ်။

Photo Credit : Sky Sports

Sky Sports အားကစားရုပ်သံနဲ့ အင်တာဗျူးမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကြီးတန်း ဘောလုံး အရာရှိချုပ် တိုနီ စခိုးလ်က “မျှတတစ်ခုတော့ ရှိပါတယ်။ ဂိုးသွင်းပြီး အောင်ပွဲခံခြင်းတွေကို ကြည့်ရတာ အားလုံး နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ တချို့အောင်ပွဲခြင်းတွေက တကယ်ကို ရယ်စရာကောင်းပြီး ပျော်စရာကောင်းပေမယ့် ဒါကလည်း ကန့်သတ်ချက်တစ်ခုထိ ရှိပါတယ်။”

“ဒါက လှောင်ပြောင်ခြင်း သို့မဟုတ် ဝေဖန်ခြင်းတွေအထိ ကျော်လွန်သွားပြီဆိုရင်တော့ ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ်။” လို့ သတိပေး ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ အက်ဖ်အေဖလား ပွဲစဉ်တွေ ရှိနေလို့ ပရီးမီးယားလိဂ်ပွဲတွေကို ယာယီရပ်နားထားရပြီး လာမယ့် (၁၂)ရက်နေ့မှ မာဆေးဆိုက်ဒါဘီပွဲနဲ့အတူ ပြန်လည် စတင်သွားမှာ ဖြစ်ပါတယ်။