၂၀၂၁-၂၀၂၂ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ဟာ ကမောက်ကမ အဖြစ်ဆုံးနဲ့ အငှား ထွက်ခွာမှု အများဆုံး နွေရာသီ အပြောင်းအရွှေ့လို့ ပြောရင် မှားမယ် မထင်ပါဘူး။ တကမ္ဘာလုံးကို ရိုက်ခတ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ဘောလုံးကွင်းတွေထဲကို ပရိသတ်တွေ ဝင်ရောက်ခွင့် တနှစ်ကျော် ပိတ်ပင်ခဲ့ရပြီး နောက်ပိုင်း ဝင်ငွေနည်းပါးမှုကြောင့် ဘောလုံးအသင်း အများစုဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါပေမယ့် ကမ္ဘာပေါ်မှာ ပရိသတ် အများဆုံး ရရှိထားတာကြောင့် ရုပ်သံလွှင့်ဝင်ငွေ အများဆုံး ရရှိနေတဲ့ ဘောလုံးလိဂ်တခု ဖြစ်တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း အများစုကတော့ ထုံးစံအတိုင်း ငွေသုံးကြမ်းနေဆဲ ဖြစ်ပြီး ပရီးမီးယားလိဂ် အသင်း၂၀ရဲ့ စုစုပေါင်း နွေရာသီ အသုံးစရိတ်ဟာ ပေါင် ၁.၀၂ ဘီလီယံ အထိ ရှိခဲ့ကြောင်း သိရပါတယ်။

 

Photo Credit: Sky Sports

ယခုနှစ် နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ ကလပ်အသင်း အများစုဟာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေကို သုံးစွဲခဲ့ကာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့ကြပြီး ပြောင်းရွှေ့ကြေး အမြင့်မားဆုံး သုံးစွဲခဲ့ကြတဲ့ ပရီးမီးယားလိဂ် အသင်းတွေ ကတော့ အာဆင်နယ် (ပေါင် ၁၅၆.၈သန်း) ၊ မန်ချက်စတာ ယူနိုက်တက် (ပေါင် ၁၃၃.၇သန်း) ၊ မန်ချက်စတာ စီးတီး (ပေါင် ၁၀၀သန်း) တို့ ဖြစ်ကြပါတယ်။

ယခုနှစ် ပရီးမီးယားလိဂ်ရဲ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ကစားသမားတွေ ကတော့ ဗီလာအသင်း ကနေ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂရီးလစ်ရှ် ၊ အင်တာမီလန်အသင်း ကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ လူကာကူ ၊ ဒေါ့မွန်အသင်း ကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၇၂သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဆန်ချိုတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ယခုနှစ် ပရီးမီးယားလိဂ်ရဲ့ အသားတင် အမြတ်အစွန်း ရရှိမှု အများဆုံး အသင်းကတော့ ဆောက်သမ်တန် ဖြစ်ခဲ့ပြီး ဆောက်သမ်တန်အသင်းဟာ ကစားသမား ရောင်းချမှုကနေ ဝင်ငွေ ပေါင် ၄၀သန်း ရရှိခဲ့ပြီး ကစားသမား ပြန်လည် ဝယ်ယူရာမှာတော့ ပေါင် ၁၅သန်းသာ သုံးစွဲခဲ့တာကြောင့် အမြတ်အစွန်း ပေါင် ၂၅သန်း အထိ ရရှိခဲ့ပါတယ်။

အဲဗာတန်အသင်း ကတော့ ပရီးမီးယားလိဂ်ရဲ့ ငွေကြေး သုံးစွဲမှု အနည်းဆုံး အသင်း ဖြစ်ခဲ့ပြီး အဲဗာတန်အသင်းဟာ လေဗာကူဆင်အသင်း ကနေ တောင်ပံ ကစားသမား ဂရေးကို ပြောင်းရွှေ့ကြေး ပေါင် ၁.၆သန်းနဲ့ ခေါ်ယူခဲ့တဲ့ အပြောင်းအရွှေ့ တခုထဲကိုသာ လုပ်ဆောင်ခဲ့တာပါ။