အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေ ၅နာရီအချိန်မှာ လာမယ့် နွေရာသီအပြောင်းအရွှေ့နဲ့ ပတ်သတ် တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက် အရ ပရီးမီးယားလိဂ် အသင်း၂၀ စလုံးဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးပြီးသွားတာနဲ့ တစ်ပြိုင်နက် နွေအပြောင်းအရွှေ့ကို ဖွင့်လှစ် ပေးဖို့အတွက် အလိုရှိနေကြပြီး အဆိုပါကိစ္စရပ် နဲ့ ပတ်သတ်ပြီး ဆန္ဒမဲပေးမှုတွေ ပြုလုပ်နေသလို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဟာလည်း သူတို့ အလိုရှိတဲ့အတိုင်း လုပ်ဆောင်ပေးလိမ့်မယ်လို့ ယုံကြည်နေကြကြောင်း သိရပါတယ်။

Photo Credit: Sky Sports

လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ ဇူလိုင်လ ၂၆ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပြီး Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ပရီးမီးယားလိဂ် အသင်း၂၀စလုံးဟာ ဇူလိုင်လ ၂၇ရက်နေ့မှာ နွေအပြောင်းအရွှေ့ကို ဖွင့်လှစ် စေချင်နေသလို အပြောင်းအရွှေ့ ဘောလုံးရာသီ ဟာ သီတင်းပတ် ၁၀ပတ် ကြာမြင့်မှာပဲ ဖြစ်ပါတယ်။ ဇူလိုင်လ ၂၇ရက်နေ့မှာသာ နွေရာသီ အပြောင်းအရွှေ့ကို စတင် ဖွင့်လှစ်ခဲ့ပါက အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ရာသီ ဟာ အောက်တိုဘာလ ၅ရက်နေ့မှာ ပြီးဆုံးမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အသင်းတွေနဲ့ အခြား အင်္ဂလန် ဘောလုံးအသင်းတွေဟာ အဆိုပါ နွေအပြောင်းအရွှေ့ရာသီ ကုန်ဆုံး သွားပါကလည်း ပြည်တွင်းမှာ အပြောင်းအရွှေ့ ပြုလုပ်နိုင်ဖို့အတွက် အချိန်တိုးမြှင့်ပေးစေဖို့ အက်ဖ်အေထံကို တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

Photo Credit: Sky Sports

Sky Sports သတင်းဌာနရဲ့ ဖော်ပြချက် အရ အင်္ဂလန် ဘောလုံးအသင်းတွေ စုပေါင်းပြီး နွေရာသီ အပြောင်းအရွှေ့ကာလ ဖြစ်တဲ့ ဇူလိုင်လ ၂၇ရက်နေ့ ကနေ အောက်တိုဘာလ ၃ရက်နေ့ အထိ အပြောင်းအရွှေ့ကာလ ပြီးဆုံးသွားပါက ပြည်တွင်းမှာ ရှိတဲ့ ကလပ်အသင်းတွေ ကြားထဲမှာ ကစားသမား ရောင်းချခွင့် ၊ ဝယ်ယူခွင့်နဲ့ အငှားနဲ့ ခေါ်ယူခွင့် တို့ ပြုလုပ်နိုင်ဖို့အတွက် ပြည်တွင်း အပြောင်းအရွှေ့ ရာသီကို ပြုလုပ်ပေးဖို့ အက်ဖ်အေကို တောင်းဆိုထားကြောင်းနဲ့ အက်ဖ်အေကလည်း ဘောလုံးအသင်းတွေရဲ့ တောင်းဆိုမှုကို လိုက်လျောပေးဖွယ် ရှိပါတယ်။ အဆိုပါ ပြည်တွင်း အပြောင်းအရွှေ့ရာသီဟာ သီတင်းပတ် ၂ပတ်အထိ ကြာမြင့်မှာ ဖြစ်တာ ကြောင့် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ရာသီဟာ သီတင်းပတ် ၁၂ပတ် အထိ ကြာမြင့်သွားနိုင်ပြီး ဇူလိုင်လ ၂၇ရက်နေ့ ကနေ အောက်တိုဘာလ ၁၈ရက်နေ့အထိ သက်တမ်း ရှိသွားလိမ့်မယ်လို့ သိရှိရပါတယ်။