လတ်တလောမှာ ကမ္ဘာတစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ပွဲစဉ်တွေကို ဧပြီလအစောပိုင်းအထိ ရွှေ့ဆိုင်းထားခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ယခု ဘောလုံးရာသီကို ဖျက်သိမ်းဖို့အတွက် အလားအလာတွေ အများကြီးရှိတယ်လို့ အမည်မဖော် လိုသူ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်ဟာ ကူးစက် ပျံ့နှံ့ဖို့ လွယ်ကူတဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် လူသောင်းနဲ့ချီပြီး တက်ရောက်လေ့ရှိတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရပ်နားထားတာဟာ တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပြီး လတ်တလောမှာတော့ ပရီးမီးယားလိဂ်အပါအဝင် ဥရောပရဲ့ ထိပ်သီးလိဂ်အားလုံးဟာ ယှဉ်ပြိုင်ကစားနေတဲ​့ ပြိုင်ပွဲအားလုံးကို ရပ်ဆိုင်းလိုက်ကြပါပြီ။

Photo Credit: Express.com

စီးရီးအေ ၊ ဘွန်ဒက်လီဂါ ၊ လာလီဂါ ၊ ပြင်သစ် လီဂူးဝမ်း စတဲ​့ လိဂ်တွေဟာ ဘောလုံးပွဲတွေကို ရပ်ဆိုင်းထားခဲ့သလို ယခုနှစ်ဘောလုံးရာသီကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေကြပေမယ့် ကမ္ဘာ့ ဘောလုံးပရိသတ်တွေကတော့ အဆိုပါလိဂ်တွေထက် ပရီးမီးယားလိဂ်က ဖျက်သိမ်းမလား ၊ ဆက်ကစားမလားဆိုတာကို စိတ်ဝင်စားနေကြပါတယ်။ အကြောင်းကတော့ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လီဗာပူးလ်အသင်းကြောင့်ပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိမှာ နောက်ထပ် လိဂ်ပွဲ ၂ပွဲကို အနိုင်ရရှိရုံနဲ့ နှစ်၃၀ကြာအောင် ဝေးကွာနေတဲ့ ပြည်တွင်းအမှတ်ပေးဖလားကို ပြန်လည် ရရှိမှာဖြစ်ပြီး ဒါက သူတို့အသင်းရဲ့ အလိုချင်ဆုံး ဆန္ဒတစ်ခုဖြစ်နေပါတယ်။

Photo Credit: Express.com

ဒါပေမယ့် ထွက်ပေါ်နေတဲ့ သတင်းအတိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်သိမ်းပစ်လိုက်ပါက လီဗာပူးလ်အသင်းဟာ သူတို့အသင်း စောင့်မျှော်နေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ကို ဖျက်သိမ်းဖွယ်ရှိတဲ့အကြောင်း တာဝန်ရှိသူ တစ်ဦးက ” ကျွန်တော်တို့တွေဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သုံးပတ်အကြာမှာ ပြန်လည် ကျင်းပဖို့ဆိုတာဟာ မဖြစ်နိုင်ဘူးထင်ပါတယ်။ လနဲ့ချီပြီး ဆိုင်းငံ့ထားရဦးမှာပါ။ နောက်ရာသီက ဘယ်အချိန်မှာ စဖြစ်မလဲဆိုတာကိုတောင် တွေးတောနေရပါပြီ။ ဒီနေရာမှာ မေးခွန်းတွေအများကြီးတော့ ရှိတာပေါ့။ ဘယ်အသင်းတွေက တန်းတက်ပြီး ဘယ်အသင်းတွေ တန်းဆင်းရမှာလဲဆိုတာပေါ့ ” လို့ ပြောပြသွားခဲ့တာပါ။