ဂျာမနီလက်ရွေးစင်အသင်းနဲ့ အာမီးနီးယားလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဥရောပဇုန် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်းမှာ လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးသော ပွဲစဉ်အဖြစ်နဲ့ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ပါဝင်ကစားခဲ့ရတဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်တိုက်စစ်ကစားသမားလေး ကာရန်အဒီယာမီဟာ သူရဲ့ပွဲဦးထွက်မှာပဲ ဂျာမနီအသင်းအတွက် ပွဲဦးထွက်သွင်းဂိုးတစ်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် သူ့ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကပါ မျက်စိကျလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၁၉)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် တိုက်စစ်မှူးလေး အဒီယာမီဟာ လက်ရှိမှာတော့ ဟာလန်း မီနာမီနိုတို့ရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ပါဝင်ကစားနေသူဖြစ်ပြီး ဘိုင်ယန်မြူးနစ် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူလည်း ဖြစ်ပါတယ်။ အဒီယာမီဟာ ဆာလ်ဇ်ဘာ့ဂ်အသင်းကို မပြောင်းရွှေ့ခင် သြစတြီးယား စတုတ္ထတန်းကလပ် SpVgg Unterhaching အသင်းမှာ ပါဝင်နေစဉ်ကတည်းက ချယ်လ်ဆီးအသင်း အပါအဝင် ကလပ်အသင်းများစွာကနေ ကင်းထောက်တွေနဲ့ ကစားသမားရဲ့ ခြေစွမ်းပိုင်းကို လာရောက်လေ့လာမှုတွေ ရှိခဲ့တယ်လို့ SpVgg Unterhaching အသင်းရဲ့ ဥက္ကဌဖြစ်သူက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : New in 24

အဒီယာမီဟာ ဆာလ်ဇ်ဘာ့ဂ်အသင်းဆီကို ၂၀၁၈ခုနှစ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၄၅)ပွဲ ကစားပေးထားခဲ့ကာ သွင်းဂိုး(၁၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း သြစတြီးယား အမှတ်ပေးလိဂ်အတွင်း (၆)ပွဲမှာ (၆)ဂိုးအထိကို သွင်းယူထားနိုင်တဲ့ အဒီယာမီကို ဂျာမနီနည်းပြသစ် ဖန်ဆီဖလစ်ကနေ လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခဲ့ပြီး အာမီးနီးယားနဲ့ပွဲစဉ်မှာပဲ ဒီကစားသမားလေးကို ထည့်သွင်းအသုံးပြုခဲ့သလို ကစားသမားလေးကလည်း သူရဲ့လက်ရွေးစင် ကစားသမားဘဝ ပွဲဦးထွက်မှာပဲ သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားလေး အဒီယာမီဟာ ဂျာမနီယူ-၂၁အသင်းနဲ့လည်း ၂၀၂၁ ယူ-၂၁ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာပါ ချန်ပီယံဆုရအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး မနက်ဖြန်ညမှာ အိုက်စလန်အသင်းနဲ့ ရင်ဆိုင်ရမယ့် ခြေစစ်ပွဲစဉ်မှာလည်း ဂျာမနီနည်းပြဖလစ်အနေနဲ့ အဒီယာမီကို ဆက်လက်နေရာပေးလာဖွယ် ရှိနေပါတယ်။