၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ကြီး အဆုံးသတ်ဖို့ကတော့ ပွဲစဉ်(၁၀)ခုပဲ ကျန်ရှိပါတော့တယ်။ ဒီတစ်ပတ်မှာဆိုရင်ပဲ ပွဲစဉ်(၂၈)ကို ယှဉ်ပြိုင်ကစားစေမှာဖြစ်ပြီးတော့ ဗီလာနဲ့မန်စီးတီးအသင်းတို့ရဲ့ လိဂ်ဖလားဖိုင်နယ်ကြောင့် ပွဲတချို့ကိုတော့ ရွေ့ဆိုင်းထားပါတယ်။ ဒါကြောင့် ဒီတစ်ပတ်ရဲ့စနေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲက ၅ပွဲသာရှိနေရတယ်ဆိုပေမယ့် ပွဲတိုင်းက စိတ်ဝင်စားစရာဖြစ်နေလို့ ဒီပွဲတွေအကြောင်းကို ခန့်မှန်းသုံးသပ်ကြည့်ချင်ပါတယ်။

Photo Credit : Getty Images

ဘရိုက်တန် နဲ့ ခရစ္စတယ်ပဲလေ့စ် (ညရနာရီ)
တောက်လျှောက်ရလဒ်ဆိုးခဲ့ရာကနေ နယူးကာဆဲလ်နဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့တဲ့ ပဲလေ့စ်တို့ ယုံကြည်မှုပြန်လည်ရနေချိန်မှာ နိုင်ပွဲမရတာ တော်တော်ကြာနေပြီဖြစ်တဲ့ ဘရိုက်တန်နဲ့ ဆုံနေတာဖြစ်လို့ စိတ်ဝင်စားစရာကောင်းနေပါတယ်။ လက်ရှိမှာ ပဲလေ့စ်က ပိုသာတယ်ဆိုပေမယ့် ဘရိုက်တန်တို့ အိမ်ကွင်းမှာ သရေကန်နိုင်မှာပါ။

Photo Credit : Getty Images

ဘုန်းမောက် နဲ့ ချယ်လ်ဆီး (ည၉နာရီခွဲ)
ယူနိုက်တက်ကိုရှံး စပါးကိုနိုင် ပြီးတော့ဘိုင်ယန်ကို ပြန်ရှုံးခဲ့တဲ့ ချယ်လ်ဆီးရဲ့ရလဒ်တွေက ရိုလာကိုစတာလိုဖြစ်နေပါတယ်။ ဒီပွဲသာ အရေးနိမ့်ခဲ့မယ်ဆိုရင်တော့ ချယ်လ်ဆီးတို့ အဆင့်၄နေရာကနေ ဆင်းပေးရနိုင်ပါတယ်တာကြောင့် အမှားခံလို့ မဖြစ်တော့တဲ့ အခြေအနေမှာ အိမ်ရှင်ဘုန်းမောက်ကို အကောင်းဆုံးရင်ဆိုင်ကစားပြီး နိုင်ပွဲရယူပါလိမ့်မယ်။

Photo Credit : Getty Images

နယူးကာဆဲလ် နဲ့ ဘန်လေ (ည၉နာရီခွဲ)
အာဆင်နယ်ကို ရှံးနိမ့်ပြီးတဲ့နောက် ပဲလေ့စ်ကိုပါ ထပ်အရေးနိမ့်ခဲ့တဲ့ နယူးကာဆဲလ်တို့ ရလဒ်တွေ ပြန်ကျလာသလို ခြေလည်းကျဆင်းလာခဲ့ပါတယ်။ အခု သူတိုနဲ့ ရင်ဆိုင်ရမယ့် ဘန်လေကတော့ ရလဒ်တွေ တောက်လျှောက်ကောင်းနေပြီးတော့ တန်းဆင်းဇုန်နဲ့ဝေးရာ ပြေးထွက်နေတဲ့အသင်းဖြစ်လို့ ဒီပွဲမှာလည်း အိမ်ရှင်ကို ဒုက္ခပေးနိုင်ပါတယ်။ ဘန်လေတို့ စိန့်ဂျိမ်းပတ်မှာ သရေတစ်မှတ်လောက်တော့ ရနိုင်ပါတယ်။

Photo Credit : Getty Images

ဝက်စ်ဟမ်း နဲ့ ဆောက်သမ်တန် (ည၉နာရီခွဲ)

ဝက်စ်ဟမ်းက ရလဒ်တွေ ဆိုးရွှားလွန်းနေပေမယ့် လီဗာပူးလ်နဲ့ပွဲက ခြေမျိုးကတော့ အသိအမှတ်ပြုချင်စရာကောင်းပြီး တစ်ဦးချင်းအမှားတွေကသာ အသင်းကို သတ်နေသလိုဖြစ်နေခဲ့ပါတယ်။ အခုလည်း အမှတ်ပေးဇယားမှာ အဆင့်၁၈ထိကို ရောက်ရှိနေပြီဖြစ်လို့ ဝက်စ်ဟမ်းတို့ ထပ်အမှားကျူးလွန်လို့ မဖြစ်တော့ပါဘူး။ ဆောက်သမ်တန်ကလည်း အဝေးကွင်းစွမ်းဆောင်ရည် သိပ်မဆိုးလှတဲ့အသင်းဆိုပေမယ့် ဒီပွဲမှာတော့ ဝက်စ်ဟမ်းတို့ နိုင်ပွဲပြန်ရှာနိုင်မယ်လို့ ယုံကြည်မိပါတယ်။

Photo Credit : Getty Images

ဝက်ဖိုဒ့် နဲ့ လီဗာပူးလ် (ည၁၂နာရီ)
ဝက်ဖိုဒ့်က အကျဘက်ကို ပြန်ရောက်နေပါပြီ။ တန်းဆင်းဇုန်ရုန်းအားတွေ ရှိနေတယ်ဆိုပေမယ့် အသင်းသားတွေရဲ့ ယုံကြည်မှုကပါ ကျဆင်းနေတာကို ပြန်မဆယ်ယူနိုင်သေးတာကြောင့် ရလဒ်ဆိုးတွေက ဆက်တိုက်ဖြစ်နေပါတယ်။ ဒီလိုချိန်မှာ လီိဗာပူးလ်နဲ့ ဆုံရတာလည်း ကံဆိုးမှုတစ်ခုပါပဲ။ ဒါပေမယ့် လီဗာပူးလ်ကလည်း ဝက်စ်ဟမ်းနဲ့ပွဲကလို ပုံစံမျိုးနဲ့တော့ ထပ်ကစားလို့မဖြစ်ပါဘူး။ ပိုမိုအာရုံစိုက်ပြီး ကစားမယ်ဆိုရင် ဂိုးပြတ်နိုင်ပွဲရဖို့ မခက်ပါဘူး။ လီဗာပူးလ် ၂ဂိုးလောက်ပြတ်ပါမယ်။