MySport Myanmar

ရော်နယ်လ်ဒိုရဲ့ ဆော်ဒီလိဂ်ပွဲကို ကြီးကြပ်ခဲ့သူ အိုလီဗာ ဝင်ငွေ (၂)ဆနီးပါး ရရှိခဲ့

အယ်ဟီလယ်အသင်းနဲ့ အယ်လ်နာဆာအသင်းတို့ရဲ့ ဆော်ဒီ အမှတ်ပေးလိဂ်ပွဲစဉ်မှာ ကွင်းလယ်ဒိုင်အဖြစ် နာမည်ကျော် ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက တာဝန်ယူ ကြီးကြပ်ခဲ့ပြီး ဒီပွဲကို ကြီးကြပ်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းတွေမှာ ရရှိတဲ့ သူ့ဝင်ငွေထက် (၂)ဆ ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit :

ဆော်ဒီ အမှတ်ပေးလိဂ်ပြိုင်ပွဲက ယခင်ကတည်းက အခုလို နာမည်ကျော် ကွင်းလယ်ဒိုင်တွေကို ဆော်ဒီ ပွဲကြီးပွဲကောင်းတွေမှာ ငှားရမ်း သုံးစွဲလေ့ရှိပြီး အခုလည်း ပရီးမီးယားလိဂ်ရဲ့ အထင်ကရ ဒိုင်လူကြီးတစ်ဦးဖြစ်သူ အိုလီဗာကို ပေါင်(၃၀၀၀)နဲ့ ငှားရမ်းခဲ့သလို business-class အဆင့်ရှိတဲ့ လေယာဉ်ပျံတွေနဲ့ပါ ခရီးနှင်စေခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ပရီးမီယားလိဂ်ပွဲစဉ်တွေရဲ့ ဒိုင်အဖွဲ့ချုပ်မှာ အကြီးအကဲတစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ဒိုင်လူကြီးဟောင်း ဟောင်းဝပ်ဝက်ဘ်က အခုလို ကွင်းလယ်ဒိုင်တွေအနေနဲ့ အခြားသောလိဂ်တွေမှာ ပါဝင် ဆောင်ရွက်ရင်း အတွေ့အကြုံနဲ့ ဂုဏ်သိက္ခာပိုင်းတွေမှာ ပိုပြီး အကျိုးရှိလာစေတယ်လို့ ဖွင့်ဟထားခဲ့သလို သူ ကိုယ်တိုင်လည်း ၂၀၁၅ကနေ ၂၀၁၇ခုနှစ်အတွင်း ဆော်ဒီလိဂ်မှာ တာဝန်ယူခဲ့ဖူးပါတယ်။

Photo Credit : The Telegraph

ကွင်းလယ်ဒိုင် အိုလီဗာက ဒီကြားရက်မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုကျော့ပွဲစဉ်တွေအတွင်း တာဝန်ယူရခြင်း မရှိတာကြောင့် ဆော်ဒီနိုင်ငံ ရီးယတ်ဒ်မြို့ကို ခရီးနှင်ဖို့ အခွင့်အရေး ရရှိခဲ့ပြီး ဆော်ဒီလိဂ်ရဲ့ နာမည်ကြီး အသင်းနှစ်သင်း ထိပ်တိုက် ရင်ဆိုင်တဲ့ ပွဲအတွက် ဆောင်ရွက်ဖို့ အကြောင်းဖန်ခဲ့ရပါတယ်။ သူ တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ ဆော်ဒီလိဂ်ပွဲမှာ အိုလီဗာက နှစ်ဖက်အသင်း ကစားသမားပေါင်း (၇)ယောက်အထိကို အဝါကတ် ပြသခဲ့ရသလို အယ်လ်နာဆာရဲ့ GOAT ကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာလည်း ပြိုင်ဘက်ကစားသမားကို လည်ပင်းကနေ ချုပ်မိခဲ့လို့ အိုလီဗာရဲ့ အဝါကတ်ထိခဲ့ရပါသေးတယ်။

Photo Credit : Pro Soccer Wire

ဒီပွဲမှာ အိမ်ရှင် အယ်လ်ဟီလယ်က နိုင်ဂျီးရီးယား တိုက်စစ်မှူးကြီး အီဂါလိုရဲ့ ပင်နယ်တီဂိုးတွေနဲ့ အယ်လ်နာဆာကို (2-0) နဲ့ အနိုင်ရထားခဲ့ပြီး ဒီပွဲရလဒ်ကြောင့် ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာအသင်းက ဇယားထိပ်က အယ်လ်အီတီဟတ်ဒ်အသင်းနဲ့ တစ်ပွဲပို (၃)မှတ်အကွာ အနေအထား ဖြစ်သွားခဲ့ရကာ လက်ကျန်(၆)ပွဲကို သတိထား ကစားရဖွယ် ရှိနေရပါတယ်။

Exit mobile version