လတ်တလော ကမ္ဘာပေါ်မှာ ပျံ့နှံလျက်ရှိနေတဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဘောလုံးပရိသတ်တွေ အနှစ်သက်ဆုံး အမှတ်ပေးလိဂ်ကြီးတွေဖြစ်တဲ့ ပရီးမီးယားလိဂ် စီးရီးအေ လာလီဂါတို့လို ပြိုင်ပွဲတွေအပြင် ချန်ပီယံလိဂ် ယူရိုပါလိဂ်တို့လို ဥရောပပြိုင်ပွဲကြီးတွေကိုပါ ရက်အကန့်အသတ်မရှိ ရပ်နားထားခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းကတည်းက ဘောလုံးပွဲတွေမရှိတဲ့ ရက်တွေကို ဖြတ်သန်းလာခဲ့ရတာဖြစ်ပြီး အခုဆိုရင် ရက်သတ္တပတ်(၂)ပတ်ကျော်ခန့်လောက် ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် လာမယ့်မေလမှာတော့ ဘောလုံးပြိုင်ပွဲကြီးတချို့ကို ပြန်လည်ကြည့်ရှရဖွယ်ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Premier League

နာမည်ကြီး ဗြိတိန်သတင်းမီဒီယာကြီးတစ်ခုဖြစ်သော Daliy Mail ရဲ့ ဖော်ပြချက်အရ အင်္ဂလန်ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကို လာမယ့်မေလအတွင်း ပရိသတ်တွေမပါပဲ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကုန်ဆုံးချိန်အထိ ကွင်းပိတ်ကျင်းပဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။ အသေးစိတ်ဖော်ပြချက်အရတော့ ရပ်နားထားရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို လာမယ့်မေလ ပထမအပတ်မှာပဲ ကွင်းပိတ်ကျင်းပဖို့ စီစဉ်နေပြီး ဇူလိုင်လ ၁၂ရက်နေ့လောက်မှာ ရာသီသိမ်းနိုင်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။ ဒီကိစ္စကိုတော့ လာမယ့်သောကြာနေ့မှာ အစည်းအဝေးပြုလုပ်ပြီး အတည်ပြုသင့်မပြုသင့်ဆိုတာကို ဆုံးဖြတ်မှာလို့ သိရှိရပါတယ်။

Photo Credit : Goal.com

လက်ရှိမှာတော့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကို ပွဲစဉ်(၂၉)အထိ ပွဲကျင်းပထားခဲ့ပြီးပြီလို့ ဒီနှစ်ဘောလုံးရာသီကို အဆုံးသတ်နိုင်ဖို့ နောက်ထပ်ပွဲစဉ်(၉)အထိသာ ကျန်ရှိနေတာ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ လီဗာပူးလ်အသင်းက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရမှတ်(၈၂)မှတ်နဲ့ ရပ်တည်လို့နေပြီး ဒုတိယနေရာက လက်ရှိချန်ပီယံ မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားထားပြီး စုစုပေါင်းရမှတ်(၂၅)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ လက်ရှိအနေအထားတွေအရ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုင်ဆိုင်ဖို့ သေချာနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လီဗာပူးလ်နဲ့ မန်စီးတီးတို့ပဲ သေချာနေကာ နောက်ထပ်(၂)နေရာစာ ယူရိုပါလိဂ်ဝင်ခွင့်နဲ့ တန်းဆင်းဇုန်နေရာတွေအတွက်ကတော့ ပွဲပြီးဆုံးချိန်အထိ ဆက်လက်ယှဉ်ပြိုင်ကစားကြရဦးမှာပဲဖြစ်ပါတယ်။