ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း(PIF)ရဲ့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်အသင်းကို ပေါင် ၃၅၀သန်းနဲ့ ဝယ်ယူခဲ့တဲ့ လုပ်ရပ်က ဘောလုံးလောကကို အတော်လေး လှုပ်ခါသွားစေခဲ့ပါတယ်။

ဆော်ဒီနိုင်ငံရဲ့ တော်ဝင်မိသားစုတွေ ပိုင်ဆိုင်တဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ စုစုပေါင်း ပေါင် ၃၂၀ ဘီလီယံ အထိ ကြွယ်ဝချမ်းသာတဲ့ အဖွဲ့အစည်း တခု ဖြစ်တာကြောင့် သူတို့အနေနဲ့ နယူးကာဆယ်အသင်းကို ဥရောပ ထိပ်သီး အသင်းတသင်း ဖြစ်လာအောင် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ နယူးကာဆယ်အသင်း အတွက် ကနဦး ရင်းနှီးမြှုပ်နှံမှု အဖြစ် ထိပ်တန်း ကစားသမားတွေ ခေါ်ယူဖို့ ဘတ်ဂျက် ပေါင် ၂၀၀သန်း ထုတ်ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို ဥရောပရဲ့ ထိပ်တန်းနည်းပြတွေ ဖြစ်တဲ့ မန်စီနီ ၊ ကွန်တီ ၊ မော်ရင်ဟို စတဲ့ နည်းပြတွေကိုလည်း နယူးကာဆယ်အသင်းရဲ့ နည်းပြသစ် အဖြစ် မြင်တွေ့ရနိုင်ချေတွေ ရှိနေပါတယ်။

ဒါကြောင့် ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းရဲ့ နယူးကာဆယ်အသင်းအား ဝယ်ယူကာ ငွေကြေးကို အဆမတန် အသုံးပြုပြီး ဘောလုံးလောကကို အကျပ်ရိုက်စေနိုင်တဲ့ အပေါ် ပရီးမီးယားလိဂ်ရဲ့ ကျန်၁၉သင်းစလုံးဟာ သဘောမကျ ဖြစ်နေကာ ပရီးမီးယားလိဂ် ကလပ် ၁၉သင်းစလုံးရဲ့ တာဝန်ရှိသူတွေဟာ အရေးပေါ် အစည်းအဝေး တခုကို ပြုလုပ်ခဲ့ကြကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ယနေ့ မနက်ပိုင်းမှာ ဖော်ပြသွားကြပါတယ်။

Photo Credit: Express

နာမည်ကျော် သတင်းဌာန တခု ဖြစ်တဲ့ The Guardian သတင်းဌာနရဲ့ ဖော်ပြချက်အရ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ကျန်၁၉သင်းစလုံးဟာ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းအား နယူးကာဆယ်အသင်းကို ဝယ်ယူဖို့ ခွင့်ပြုခဲ့တာနဲ့ ပတ်သတ်ပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကို ဒေါသထွက်နေပြီး အရေးပေါ် အစည်းအဝေး တခု ကျင်းပပေးဖို့ တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

လက်ရှိမှာတော့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းက ဥပဒေကြောင်းအရ နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်သစ်တွေ ဖြစ်နေတာကြောင့် ပရီးမီးယားလိဂ် ကလပ်တွေရဲ့ နယူးကာဆယ် အသင်းရဲ့ အရောင်းအဝယ်ကို တားဆီးဖို့ လုပ်ဆောင်မှုဟာ အောင်မြင်နိုင်ဖွယ် မရှိပါဘူး။