လက်ကျန်ပရီးမီးယားလိဂ် ပွဲစဉ်(၂)ပွဲလောက်ကို အနိုင်ရလိုက်ရုံနဲ့တင် နှစ်(၃၀)လောက် ဝေးကွာလို့နေတဲ့ အင်္ဂလန်အမှတ်ပေးလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်တော့မယ့် လီဗာပူးလ်အသင်းဟာ ဆုဖလားပိုင်ဆိုင်မှုတွေကို ရရှိဖို့အတွက် ငွေကြေးသုံးစွဲမှုတွေ အများကြီးလုပ်ဆောင်ရမယ်ဆိုတဲ့ စကားနဲ့ ဆန့်ကျင်ကာ အသင်းရဲ့ (၅)နှစ်တာအတွင်း သုံးစွဲခဲ့တဲ့ ကစားသမားခေါ်ယူမှု အသုံးစရိတ်က ပေါင်သန်းတစ်ရာကျော်လောက်လေးသာ ရှိလို့နေပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းထက် (၆)ဆလောက်ကို လျော့နည်းလို့နေပါတယ်။

Photo Credit : talkSPORT

လီဗာပူးလ်အသင်းဟာ (၅)နှစ်တာအတွင်းမှာ အသားတင် အသုံးစရိတ်က ပေါင်(၁၀၆.၆၂)သန်းလောက်အထိသာ ရှိနေခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ် အသင်း(၂၀)ထဲမှာ အသုံးစရိတ်အများဆုံး အဆင့်(၁၄)မှာ ရပ်တည်နေခဲ့ရပါတယ်။ လီဗာပူးလ်အသင်းဟာ (၅)နှစ်တာအတွင်းမှာ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့လို ထိပ်တန်းကစားသမားတွေအတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၇၀)လောက်စီ သုံးစွဲခဲ့ပေမယ့်လည်း အသင်းကနေ ဖီလစ်ပီကော်တင်ဟိုကို ဘာစီလိုနာအသင်းဆီ ရောင်းချရမှာ ပေါင်(၁၄၂)သန်းလောက်အထိ ပြန်လည်ရရှိခဲ့တာကြောင့် သူတို့အသင်းရဲ့ အသားတင်အသုံးစရိတ် နည်းပါးနေခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

ပရီးမီးယားလိဂ်အသင်း(၂၀)ထဲမှာ မန်စီးတီးအသင်းကတော့ (၅)နှစ်တာ ကာလအတွင်း အသားတင်အသုံးစရိတ် စုစုပေါင်း ပေါင်(၆၀၁.၉၈)သန်းနဲ့ ထိပ်ဆုံးနေရာမှာ ရှိလို့နေခဲ့ပါတယ်။ မန်စီးတီးက ပြီးခဲ့တဲ့ (၅)နှစ်အတွင်း ကစားသမားခေါ်ယူမှုမှာ ပေါင်သန်းများစွာကို သုံးစွဲခဲ့ရပေမယ့် ကစားသမား ပြန်လည်ရောင်းချမှုမှာတော့ အရှံးပေါ်ခဲ့ရတာကြောင့် အခုလို အသုံးစရိတ်က များပြားခဲ့ရတာဖြစ်ပါတယ်။ မန်စီးတီးရဲ့နောက် ဒုတိယနေရာမှာ အသုံးစရိတ်အများဆုံးအသင်းအဖြစ် မန်စီးတီးရဲ့ မန်ချက်စတာမြို့ခံကလပ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်း ရှိလို့နေပြီး (၅)နှစ်အတွင်း အသားတင်အသုံးစရိတ်မှာ ပေါင်(၄၈၄.၈၈)သန်းအထိ အသုံးပြုလို့ထားပါတယ်။ ဒီလို မန်ချက်စတာအသင်းနှစ်သင်းက ထိပ်ဆုံးနေရာမှာ ရှိနေသလို အာဆင်နယ် အဲဗာတန် ဘရိုက်တန် ဝုလ်ဗ် ဝက်စ်ဟမ်း ဘုန်းမောက် အက်စတွန်ဗီလာ ဝက်ဖိုဒ့်အသင်းတို့ကလည်း အဆင့်(၁၀)အတွင်းမှာ အသီးသီးရပ်တည်လို့နေပါတယ်။ အသင်း(၂၀)ထဲကမှ နော်ဝ်ချ်တစ်သင်းတည်းကပဲ အသုံးစရိတ် ဝင်ငွေမျှတမှုကနေ ပေါင်(၂၅)သန်း အမြတ်ရထားတဲ့အသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။