ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက်အတွင်းမှာ အင်တာမီလန်အသင်းရဲ့ တိုက်စစ်ကစားသမား လူကာကူကို မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ အသင်းဆီ ပြန်လည်ခေါ်ဆောင်ခဲ့သလို စျေးကွက်နောက်ဆုံးရက်မှာလည်း အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ဆာအူးလ်နီဂွက်ဇ်ကို ယူရို(၅)သန်းတန်ကြေးရှိ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ယူရိုသန်း(၄၀)နဲ့ပါ အပြီးသတ် ခေါ်ယူခွင့်ကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။ ဒီလို ခေါ်ယူမှုတွေကို လုပ်ဆောင်ခဲ့ပေမယ့်လည်း ချယ်လ်ဆီးအသင်းက ဒီစျေးကွက်အတွင်း အမြတ်အစွန်းအဖြစ် ပေါင်(၃၇)သန်းအထိကို ရရှိခဲ့ရပါတယ်။

Photo Credit : talkSPORT

ချယ်လ်ဆီးအသင်းက ဒီရာသီမှာ ကစားသမားသစ် ခေါ်ယူမှုအဖြစ် လူကာကူ ဆာအူးလ်နဲ့ ဂိုးသမား ဘတ်တီနယ်လီတို့ကိုသာ ခေါ်ယူထားခဲ့တာဖြစ်ပြီး စုစုပေါင်း ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၀၀)ဝန်းကျင်ခန့် ပြုလုပ်ထားခဲ့ပေမယ့် ကစားသမားအထွက်ပိုင်းမှာတော့ အေဘရာဟမ် ဇူးမား တိုမော်ရီ ဇာပါကော်စတာ မော့ဆက်စ်နဲ့ ဂျရူးတို့က အသင်းကနေ အပြီးသတ် ထွက်ခွာသွားခဲ့တာဖြစ်သလို အကယ်ဒမီထွက် လူငယ်ကစားသမားလေးတွေကို ရောင်းချမှုနဲ့ အချို့ကလပ်အသင်းတွေဆီ ကစားသမား အငှားချမှုတွေကနေလည်း ငွေကြေးတစ်စုံတစ်ရာ ရရှိထားခဲ့တာကြောင့် ကစားသမားခေါ်ယူမှုနဲ့ ထွက်ခွာမှုကို အချိုးချလိုက်မယ်ဆိုရင် ချယ်လ်ဆီးအသင်းက ပေါင်(၃၇)သန်းလောက်အထိ အမြတ်ရနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ချယ်လ်ဆီးပြီးရင်တော့ အက်စတွန်ဗီလာအသင်းက ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့မှာ ဒုတိယ အမြတ်အစွန်းထွက်တဲ့ ကလပ်အသင်း ဖြစ်လာခဲ့ပါတယ်။ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နဲ့ လက်လွတ်ခဲ့ရတဲ့ ဗီလာအသင်းဟာ ဘွမ်ဒီယာ အက်ရှ်လေယန်း လီယွန်ဘေလီ ဒန်နီအင့်စ်တို့လို ကစားသမားကောင်းတွေကို ပြန်လည်ခေါ်ယူခဲ့ပေမယ့်လည်း အသင်းရဲ့ အသုံးစရိတ်က ပေါင်သန်း(၉၀)ဝန်းကျင်လောက်သာရှိပြီး ကစားသမားရောင်းချမှုကျကနေ ပေါင်သန်း(၁၁၀)လောက်အထိ ပြန်ရခဲ့တာကြောင့် ပေါင်သန်း(၂၀)နီးပါးလောက်အထိ အမြတ်အစွန်း ကျန်ခဲ့ရပါတယ်။ ဘင်ဝှိုက် တိုမီယာစု တာဗာရက်စ် လိုဂွန်ဂါ ရမ်းစ်ဒဲလ် အော်ဒီဂွါတို့လို ကစားသမားများစွာကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ အာဆင်နယ်အသင်းကတော့ ကစားသမားခေါ်ယူမှုမှာ အသုံးစရိတ် များပြားခဲ့ပေမမယ့် အထွက်မှာက အသင်းအတွက် ပြောင်းရွှေ့ကြေး အနည်းငယ်သာ ရရှိခဲ့တာကြောင့် သူတို့အသင်းရဲ့ နွေစျေးကွက် အသားတင် အသုံးစရိတ်က (၁၂၁.၂)သန်းလောက်အထိကို ရှိနေခဲ့ရပါတယ်။