ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ကတော့ စနေနေ့ညအထိ (၆)ပွဲအထိကို ကစားခဲ့ပြီးပြီဖြစ်ပြီး ဒီနေ့ Super Sunday ညမှာကတော့ ပွဲစဉ်(၃၀)ရဲ့လက်ကျန်(၃)ပွဲကို ဆက်လက်ကစားစေမှာဖြစ်ပြီး လက်ကျန်နောက်ဆုံးပွဲကိုလည်း တနင်းလာနေ့ညမှာ ကျင်းပစေမှာဖြစ်ပါတယ်။ ဒီညမှာ ကျင်းပသွားမယ့်ပွဲစဉ်တွေထဲမှာ မာဆေးဆိုက်ဒါဘီလည်း ပါဝင်နေတာကြောင့်မို့ ပရိသတ်ရဲ့စိတ်အာရုံကိုဖမ်းစားနိုင်ဦးမှာဖြစ်တာကြောင့် ဒီပွဲတွေရဲ့အကြောင်းကို ခန့်မှန်းသုံးသပ်ပေးချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

နယူးကာဆဲလ် နဲ့ ရှက်ဖီးယူနိုက်တက် (ညရနာရီခွဲ)

ရှက်ဖီးကတော့ ဗီလာနဲ့ပွဲမှာ ရရှိသင့်တဲ့သွင်းဂိုးကို ဒိုင်လူကြီးက ခွင့်မပြုခဲ့လို့ အရမ်းနစ်နာခဲ့ရပါတယ်။ အခု သူတို့နဲ့ ရင်ဆိုင်တွေ့ရမယ့် အိမ်ရှင်အသင်းထက်လည်း ပရီးမီးယားလိဂ်ပွဲစဉ်ကို စတင်ဆင်နွဲထားရတာဖြစ်လို့ အရှိန်ပိုကောင်းနေနိုင်ပါတယ်။ နယူးကာဆဲလ်ကတော့ အိမ်ကွင်းမှာဆိုရင် မနိုင်ရင်တောင်မှ မရှံးရလေအောင် သရေတစ်မှတ်လောက်ရဖို့ ကစားတတ်တဲ့အသင်းပါ။ လက်ရှိမှာ အိမ်ရှင်ထက် ရှက်ဖီးက ဥရောပဝင်ခွင့်အတွက် အမှတ်ပိုလိုအပ်နေတာဖြစ်လို့ ရှက်ဖီးတို့ အနိမ့်ဆုံးသရေပါ။

Photo Credit : Getty Image

အက်စတွန်ဗီလာ နဲ့ ချယ်လ်ဆီး (ည၉နာရီ၄၅မိနစ်)

ယူနိုက်တက်အသင်း ခြေချော်ထားတုန်းမှာ ရမှတ်ဖြတ်တောက်နိုင်ဖို့ ချယ်လ်ဆီးတို့ ဒီပွဲဲကို မဖြစ်မနေ အနိုင်ရထားသင့်သလို ဗီလာကလည်း ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်နိုင်ဖို့ အမှတ်တွေရသလောက် ယူထားရမယ့် အနေအထားကို ရောက်နေပါတယ်။ ဒီရာသီမှာ အိမ်ကွင်းထက် အဝေးကွင်းစွမ်းရည် ပိုကောင်းလေ့ရှိတဲ့ ချယ်လ်ဆီးတို့ အခုမှ ဘောလုံးပွဲတွေကို ပြန်လည်ဆင်နွဲရတာဆိုပေမယ့် အသင်းမှာ ကစားသမားအစုံအလင် ပါဝင်နေပြီဖြစ်တာကြောင့် ဗီလာကို အနိုင်ရမှာပါ။ ဂိုးတော့ မပြတ်နိုင်ပါဘူး။

Photo Credit : Getty Image

အဲဗာတန် နဲ့ လီဗာပူးလ် (ည၁၂နာရီခွဲ)

စပါးနဲ့ယူနိုက်တက်ပွဲအပြီး နောက်ထပ်စိတ်လှုပ်ရှားစရာကောင်းနေဦးမယ့် ပွဲစဉ်တစ်ခုပါ။ အရမ်းကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မာဆေးဆိုက်ဒါဘီဆိုပေမယ့် အဲဗာတန်က လီဗာပူးလ်ကို ခြေစွမ်းပိုင်းမှာတော့ သိပ်ပြီးမယှဉ်နိုင်တော့သလို ကစားသမားပိုင်းမှာလည်း လီဗာပူးလ်က အသာကြီးပါပဲ။ နည်းပြပိုင်းတစ်ခုက စိတ်ဝင်စားစရာဖြစ်နေမှာ သေချာပါတယ်။ ဝါရင့်ကမ္ဘာကျော် နည်းပြကြီး အန်စလော့တီအနေနဲ့ ကလော့ရဲ့လီဗာပူးလ်ကို ဘယ်လိုပုံစံတွေနဲ့ ဒုက္ခပေးသွားမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပါ။ လီဗာပူးလ်ပဲ အနိုင်ရဖို့များနေပေမယ့် အဲဗာတန်ရဲ့မြို့ခံအသင်းအပေါ် မုန်းတီးစိတ်တွေနဲ့ လီဗာပူးလ်ရဲ့ချန်ပီယံပြေးလမ်းမှာ ဆူးတစ်ခုဖြစ်စေနိုင်တဲ့ အဲဗာတန်ကိုပဲ အရဲစွန့်အားပေးချင်ပါတယ်။

Photo Credit : Getty Image

မန်စီးတီး နဲ့ ဘန်လေ (တနင်းလာနေ့ည၁နာရီခွဲ)

ဒီပွဲကတော့ ရှင်းနေပါတယ်။ ဘန်လေရဲ့အဝေးကွင်းကစားအားက အားရစရာမရှိသလို မန်စီးတီးနဲ့ဆုံတိုင်းမှာလည်း အမြဲအရေးနိမ့်ရလေ့ရှိလို့ ဒီပွဲလည်း ဒီထုံးစံအတိုင်းပဲ ဆက်သွားဦးမှာပါ။ အယ်တီဟတ်မှာ မန်စီးတီး ဘယ်နှစ်ဂိုးသွင်းမလဲ ထိုင်ရေတွက်နေမယ့်ပွဲပဲ ဖြစ်ပါလိမ့်မယ်။