မနေ့ညကတော့ လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားရဖို့ရှိနေတဲ့ ကလပ်အသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ဦးစားပေးကျင်းပခဲ့ပြီး မန်ချက်စတာအသင်း(၂)သင်းက ရလဒ်တွေကောင်းခဲ့ပေမယ့် ချယ်လ်ဆီးက ပွဲပြီးခါနီးမှာ ချေပဂိုးပေးလိုက်ရသလို လီဗာပူးလ်ကလည်း ပွဲပြီးခါနီးမှာ ရရှိခဲ့တဲ့ သွင်းဂိုးကို ဒိုင်ကခွင့်မပြုခဲ့တဲ့အတွက် နစ်နာခဲ့ရပါတယ်။ ဒီညမှာတော့ အသင်းကြီးပွဲတွေ သိပ်မရှိတော့ပေမယ့် စပါးနဲ့ ဝက်စ်ဟမ်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်နဲ့ စိတ်ဝင်စားစရာပွဲကောင်းတွေ ရှိနေသေးတာမို့ ဒီပွဲတွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ရှက်ဖီးယူနိုက်တက် နဲ့ ဖူလ်ဟမ် (ညနေ၅နာရီခွဲ)

Photo Credit : Optus Sport

ရလဒ်တွေဆိုးနေကြတဲ့ အသင်းနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းက အမှတ်ရသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဖူလ်ဟမ်ကတော့ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ ကစားသမားသစ်တွေ ခေါ်ယူထားပေမယ့် ချက်ချင်းအထိုင်ကျဖို့တော့ မလွယ်လောက်ဘူး။ ရှက်ဖီးဘက်မှာတော့ တိုက်စစ်မှူးသစ် ဘရူစတား ပါဝင်လာဖွယ်ရှိလို့ တိုက်စစ်အားကောင်းလာနိုင်ပါတယ်။ သရေကျဖို့များသလို အနိုင်ဆိုရင်တော့ အိမ်ရှင်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် နဲ့ ဘရိုက်တန် (ည၇နာရီခွဲ)

Photo Credit : Sky Sports

နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေဆိုးထားတဲ့ အသင်းနှစ်သင်း ဆုံတွေ့ကြမယ့်ပွဲပါ။ ကစားပုံအဆိုးရွှားကြီးမဟုတ်ပေမယ့် အသင်းကြီးတွေနဲ့ ထိပ်တိုက်ရင်ဆုံရရင်း ရလဒ်ဆိုးထားတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုက သရေရလဒ်ဆီ ဦးတည်သွားနိုင်ပါတယ်။ ဒါပေမယ့် အဝေးကွင်းမှာ တုန့်ပြန်ကစားပုံကောင်းတတ်တဲ့ ဘရိုက်တန်ကို ရွေးချယ်ထားချင်ပါတယ်။

စပါး နဲ့ ဝက်စ်ဟမ်း (ည၁ဝနာရီ)

Photo Credit : Sky Sports

ဒီလန်ဒန်ဒါဘီပွဲစဉ်ကတော့ ဒီနေ့ညရဲ့အကောင်းဆုံးပွဲစဉ် ဖြစ်လာပါလိမ့်မယ်။ စပါးဘက်မှာက သူတို့ရဲ့ကစားသမားဟောင်းဘေးလ် အသင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပါဝင်ကစားပေးဖွယ်ရှိနေသလို ဝက်စ်ဟမ်းဘက်ကလည်း ကစားသမားသစ် ဘင်ရာမာ ပါဝင်လာနိုင်ပါတယ်။ နှစ်သင်းလုံးရဲ့လက်ရှိအနေအထားတွေကလည်း ကောင်းမွန်လို့နေတာကြောင့် ဒီပွဲက အရမ်းကို အကြိတ်အနယ်ရှိမှာ သေချာနေပါတယ်။ အိမ်ရှင်ဖြစ်တဲ့ စပါးကတော့ ဝက်စ်ဟမ်းထက် ပိုသာလွန်နေတာဖြစ်လို့ စပါးပဲ အနိုင်ရသွားလိမ့်မယ်လို့ မြင်ပါတယ်။ ခံစစ်ပိုင်း စိတ်မချရသေးလို့ ဝက်စ်ဟမ်းဘက်ကို ဂိုးလည်းပြန်ပေးရနိုင်ပါတယ်။

လက်စတာ နဲ့ အက်စတွန်ဗီလာ (ည၁၂နာရီ၄၅မိနစ်)

Photo Credit : Sky Sports

ဒီပွဲကလည်း ပွဲကြည့်ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစေနိုင်မယ့် ပွဲကောင်းတစ်ပွဲဆို မမှားနိုင်ပါဘူး။ ဒီရာသီမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူထားနိုင်ခဲ့တဲ့ ဗီလာတို့ ကင်းပါဝါကွင်းထဲမှာ လက်စတာကို ဘယ်လိုတုန့်ပြန်ကစားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ လက်စတာက မန်စီးတီးကို အနိုင်ကစားပြီးမှ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဂိုးပြတ်ပြန်အရေးနိမ့်ခဲ့လို့ သူတို့ရဲ့ခြေစွမ်းကို မှန်းရခက်သွားစေပါတယ်။ အိမ်ရှင်အသင်းက လတ်တလောမှာ ခံစစ်ပိုင်း ဒဏ်ရာပြသာနာတွေရှိနေလို့ ဧည့်သည်ဗီလာတို့ လက်စတာဆီကနေ အမှတ်ခွဲယူနိုင်ပါလိမ့်မယ်။