ပရီးမီးယားလိဂ်ပွဲစဉ်(၅)ကိုတော့ ဒီတစ်ပတ်ရဲ့စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ကျင်းပသွားခဲ့ပြီး လက်ကျန်(၂)ပွဲကိုတော့ ဒီနေ့ညမှာ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ ဒီတစ်ပတ်ပွဲစဉ်တွေမှာတော့ အံ့အားသင့်ရလဒ်တွေ နောက်ဆုံးမိနစ်အထိ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနိုင်ခဲ့ကြပြီး အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။ ဒီညမှာလည်း လိဒ်ယူနိုက်တက်နဲ့ဝုလ်ဗ်အသင်းတို့ရဲ့ ပွဲစဉ်နဲ့အတူ စိတ်ဝင်စားစရာ ပွဲကောင်းတွေ ပါဝင်နေတာမို့ ဒီပွဲတွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ဝက်ဘရွန်း နဲ့ ဘန်လေ (ည၁၁နာရီ)

Photo Credit : Sky Sports

တန်းတတ်အသင်းတွေထဲမှာ ဝက်ဘရွန်းရဲ့ခံစစ်က အဆိုးဆုံးဖြစ်နေပြီး (၄)ပွဲကစားပြီးချိန်မှာ (၁၃)ဂိုးအထိတောင် ခွင့်ပြုထားရပါတယ်။ ဘန်လေကလည်း ဒီရာသီမှာ အမှတ်လုံးဝမရသေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် အမှတ်ပေးဇယားအောက်ဆုံးမှာ ရှိနေပါတယ်။ နိုင်ပွဲလုံးဝမရသေးတဲ့ အသင်းနှစ်သင်းရဲ့ဆုံတွေ့မှုမှာ ဘယ်အသင်းက (၃)မှတ်စတင်ပိုင်ဆိုင်နိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဝက်ဘရွန်းက အိမ်ကွင်းကစားအားကောင်းတတ်တာ ချယ်လ်ဆီးနဲ့ပွဲမှာ မြင်တွေ့နိုင်ပြီး ဘန်လေတိုက်စစ်က လတ်တလောမှာ အားပျော့နေတာမို့ အိမ်ရှင်ဝက်ဘရွန်းတို့ ပထမဆုံးနိုင်ပွဲ စတင်ရရှိပါလိမ့်မယ်။

လိဒ်စ်ယူနိုက်တက် နဲ့ ဝုလ် (ည၁နာရီခွဲ)

Photo Credit : Sky Sports

ဒီပွဲကတော့ ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးသောပွဲဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲလည်း ဖြစ်နေပါတယ်။ မန်စီးတီးနဲ့ပွဲမှာ လိဒ်စ်အသင်းရဲ့ အားကောင်းလှတဲ့ ကစားဟန်ကို မြင်တွေ့ခဲ့ရပေမယ့် ဝုလ်ဗ်ကတော့ ဒီရာသီမှာ ခြေအမှန်ကို ပြန်မရသေးပဲ အားနည်းလျက်ရှိနေပါတယ်။ တန်းတတ်လိဒ်စ်ကတော့ ဒီရာသီမှာ အိမ််ကွင်းရှံးပွဲမရှိသေးပဲ ဖူလ်ဟမ်ကို အနိုင်ယူထားကာ မန်စီးတီးကို သရေရအောင် ကစားထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝုလ်ဗ်ကလည်း ထပ်ပြီးအတိမ်းအစောင်းမခံပဲ လိဒ်စ်ကို အကောင်းဆုံးရင်ဆိုင်လာဖွယ် ရှိပါတယ်။ ဂိုးမြူးနိုင်ပြီးတော့ ဧည့်သည်ဝုလ်ဗ်ကို ပိုသဘောကျမိပါတယ်။