ပရီးမီးယားလိဂ် ပွဲစဉ်(၄)ကိုတော့ မနေ့ညကပဲ စတင်ကျင်းပခဲ့ပြီး (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းက ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ရခဲ့သလို အဲဗာတန်ကလည်း (၄)ပွဲဆက် အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် လက်စတာကို အရေးနိမ့်ထားခဲ့တဲ့ မန်စီးတီးကတော့ လိဒ်စ်နဲ့လည်း သရေကျခဲ့ပြီး နယူးကာဆဲလ်က စိန့်ဂျိမ်းစ်ပတ်မှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။ ဒီနေ့ Super Sunday မှာလည်း အသင်းကြီးတွေရဲ့ ပွဲကောင်းတွေအပြင် ယူနိုက်တက်နဲ့စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံမယ့် Biggest Match လည်း ပါဝင်နေတာမို့ ဒီပွဲတွေရဲ့အကြောင်းများကို တင်ဆက်ပေးသွားချင်ပါတယ်။

လက်စတာ နဲ့ ဝက်စ်ဟမ်း (ညနေ၅နာရီခွဲ)

Photo Credit : 90Min

လက်စတာက ပုံစံကောင်းပြလို့နေသလို ဝက်စ်ဟမ်းကလည်း ဝုလ်ဗ်လို အသင်းမျိုးကိုတောင် ဂိုးပြတ်အနိုင်ယူထားတဲ့ အသင်းဖြစ်လို့ ဒီပွဲက အတော်လေးကို အကြိတ်အနယ်ရှိနိုင်တယ်။ လက်ရှိ Form အရဆိုရင်တော့ အိမ်ရှင်က ဧည့်သည်အသင်းထက် အနည်းငယ်သာလွန်နေမှာ မှန်ပေမယ့် ကင်းပါဝါမှာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်သိပ်မကောင်းတတ်ကိုတော့ သတိထားရမယ်။ လက်စတာက စျေးကွက်မပိတ်ခင်မှာ အန်ဒါ ဖိုဖာနာတို့ကို ခေါ်ယူထားပေမယ့် ပရီးမီးယားလိဂ်နဲ့ ချက်ချင်းအံ့ဝင်ဖို့တော့ အချိန်ယူရပါလိမ့်မယ်။ သရေကျနိုင်ပါတယ်။

ဆောက်သမ်တန် နဲ့ ဝက်ဘရွန်း (ညနေ၅နာရီခွဲ)

Photo Credit : Pintrest

ဆောက်သမ်တန်က နိုင်ပွဲစတင်ရရှိခဲ့ပြီဆိုပေမယ့် ချယ်လ်ဆီးကို (၃)ဂိုးသွင်းပြီးမှ သရေတစ်မှတ်ပဲ ရသွားခဲ့ရတဲ့ ဝက်ဘရွန်းရဲ့ကစားအားက ပိုကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒီလိုကစားအားတွေက အိမ်ကွင်းမှာပဲ ပိုရတာတတ်ကိုလည်း သတိထားရပါမယ်။ ဆောက်သမ်တန်ကတော့ ဘန်လေကို အနိုင်ရထားတဲ့ အရှိန်နဲ့ ဝက်ဘရွန်းကိုလည်း သူတို့ရဲ့ စိန့်မေရီကွင်းမှာ အနိုင်ယူဖို့ ကြိုးစားပါလိမ့်မယ်။ အိမ်ရှင်အသင်းကိုပဲ အားပေးသွားချင်ပါတယ်။

အာဆင်နယ် နဲ့ ရှက်ဖီးယူနိုက်တက် (ည၇နာရီခွဲ)

Photo Credit : Sky Sports

အာဆင်နယ်က လီဗာပူးလ်နဲ့ပွဲမှာ ရှံးထားခဲ့ပေမယ့် ကစားပုံက အဆိုးရွှားကြီး ဖြစ်မနေဘူး။ ရှက်ဖီးကတော့ မနှစ်ကလို ပုံစံမျိုး ပြန်မရသေးပေမယ့် ခံစစ်ကစားပုံတော့ သိပ်မဆိုးလှပါဘူး။ ဒါပေမယ့် ဒီလိုကစားပုံမျိုးနဲ့ အာဆင်နယ်ကို ဒုက္ခပေးဖို့ မလွယ်ပါဘူး။ အာဆင်နယ်က အာတီတာလက်ထက်မှာ အနိုင်ရသင့်တဲ့ ပွဲတိုင်းကိုလည်း မဖြစ်မနေ အနိုင်ကစားတတ်လို့ ဒီပွဲမှာတော့ အာဆင်နယ်တို့ နိုင်ပွဲပြန်ရှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် ရှက်ဖီးရဲ့ကစားအားကြောင့် ဂိုးပြတ်ဖို့တော့ ခက်နိုင်တယ်။

ဝုလ်ဗ် နဲ့ ဖူလ်ဟမ် (ည၇နာရီခွဲ)

Photo Credit : Sky Sports

ဝုလ်ဗ်က မန်စီးတီးနဲ့ဝက်စ်ဟမ်းကို ဆက်တိုက်အရေးနိမ့်ခဲ့ပြီးနောက် အခုလို ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ့်အချိန်မှာ နိုင်ပွဲပြန်လည်ရှာတွေ့ဖို့ လိုအပ်နေပါပြီ။ ဖူလ်ဟမ်ကလည်း တန်းတတ်အသင်းတွေထဲမှာ ခံစစ်ပိုင်း အတော်လေးကို ယိုယွင်းလှတဲ့ အသင်းဖြစ်နေလို့ တန်းပြန်ဆင်းရမယ့် အသင်းအဖြစ် ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဖူလ်ဟမ်ကို ဝုလ်ဗ်တို့ သေချာပေါက် အနိုင်ကစားပြီး ရှံးပွဲတွေကြားကနေ ပြန်လည်နိုးထလာပါလိမ့်မယ်။

မန်ချက်စတာယူနိုက်တက် နဲ့ စပါး (ည၁ဝနာရီ)

Photo Credit : Sky Sports

လက်ရှိခြေစွမ်းပိုင်းတွေအရဆိုရင် အိမ်ရှင်ယူနိုက်တက်ထက် စပါးအသင်းက ပုံစံကောင်းပြလို့နေပေမယ့် ပွဲဆက်တွေ တအားများလွန်းနေတာကြောင့် ကစားသမားတွေ ပွဲပန်းမှုဒဏ်နဲ့ ရင်ဆိုင်နေရမှာဖြစ်သလို ဆွန်ဟောင်မင်လည်း ပြန်မကစားနိုင်သေးတာကြောင့် တိုက်စစ်အားနည်းမှု အနည်းငယ်ရှိနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ခံစစ်က ကိန်း မော်ရာ လာမယ်လာ အလီတို့လို ကစားသမားတွေကို မနည်းထိန်းချုပ်ရနိုင်ပြီး ဘယ်နောက်ခံလူ ရယ်ဂီလွန်ရဲ့တိုးအားတွေကလည်း ယူနိုက်တက်ကို ဒုက္ခပေးလာနိုင်ပါတယ်။ ယူနိုက်တက်ကတော့ တစ်ဦးကောင်း စွမ်းဆောင်မှုတွေနဲ့ပဲ စပါးဘက်ကို ထိုးဖောက်လာနိုင်သလို ဗန်ဒယ်ဘိခ်ကိုလည်း Line-up မှာ အသုံးပြုလာဖွယ် ရှိနေပါတယ်။ အိမ်ကွင်းဆိုပေမယ့် ယူနိုက်တက်အမြင့်ဆုံး သရေလောက်ပဲ ရနိုင်ပါလိမ့်မယ်

အက်စတွန်ဗီလာ နဲ့ လီဗာပူးလ် (ည၁၂နာရီ၄၅မိနစ်)

Photo Credit : This is Anfield

မနှစ်က တန်းဆင်းဇုန်မှာ ရုန်းကန်ခဲ့ရတဲ့ ဗီလာက ဒီရာသီမှာတော့ အတော်လေးကို ထူးခြားကောင်းမွန်လို့နေပြီး (၂)ပွဲဆက်တိုက် နိုင်ပွဲတွေရခဲ့ပြီး တစ်ဂိုးမှကို မပေးထားရသေးပါဘူး။ ဒီလို ခြေစွမ်းပြနေတဲ့ ဗီလာဟာ ဒီနေ့ညမှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ သူတို့အသင်းအတွက် အကောင်းဆုံးစမ်းသပ်ခံရမယ့် ပွဲကောင်းဖြစ်လာပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ် ဗီလာပတ်မှာ ဒီနှစ်သင်းတွေ့ဆုံခဲ့ချိန်ကလည်း လီဗာပူးလ်တို့ ပွဲပြီးခါနီးမှ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရသလို ဒီရာသီမှာလည်း အဲ့ဒီတုန်းကအတိုင်းမျိုးကိုပဲ ပြန်မြင်တွေ့လာရနိုင်ပါတယ်။ မာနေးပါဝင်ထားခြင်းမရှိတဲ့ လီဗာပူးလ်ကပ်ပဲနိုင်ပါမယ်။