ဇာတ်လမ်းဇာတ်ကွက်တွေ စိတ်လှုပ်ရှားစရာတွေများစွာနဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ဒီနေ့မှာပဲ အဆုံးသတ်သွားတော့မှာဖြစ်ပါတယ်။ ချန်ပီယံအဖြေပေါ်ထားပြီးသား ဖြစ်နေပေမယ့်လည်း ဥရောပဝင်ခွင့်တွေနဲ့ တန်းဆင်းရမယ့်အသင်းတွေအတွက် အဖြေမပေါ်သေးတာကြောင့်မို့ ရာသီပိတ်ပွဲစဉ်အထိကို ပြိုင်ဆိုင်မှုက ပြင်းထန်နေဦးမှာပါ။ (၁၀)ပွဲလုံးကို ဒီနေ့ည(၉)နာရီခွဲအချိန်မှာပဲ တပြိုင်နက်တည်း ကစားသွားမှာဖြစ်ပြီး (၁၀)ပွဲထဲကမှ အရေးကြီးတဲ့ ပွဲစဉ်တွေအကြောင်းကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။

အာဆင်နယ် နဲ့ ဝက်ဖိုဒ့်

ဝက်ဖိုဒ့်က တန်းမဆင်းရဖို့အတွက် အမှတ်လိုအပ်နေတဲ့ အသင်းဖြစ်ပြီး ဗီလာနဲ့ ရမှတ်တူ ဂိုးကွာခြားချက် လျော့နည်းနေလို့သာ အဆင့်(၁၈)နေရာမှာ ရှိနေရတာဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာ ရုန်းလာနိုင်တယ်ဆိုပေမယ့်လည်း ဝက်ဖိုဒ့်ရဲ့အဝေးကွင်းစွမ်းရည်က ညံဖျင်းလွန်းနေတာကြောင့် အမ်းမရိတ်မှာ အာဆင်နယ်ဆီကနေ အမှတ်ခွဲယူဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကလည်း ဒီပွဲပြီးတာနဲ့ အက်အေဖလားဖိုင်နယ်ကို ဆက်လက်ကစားရမှာဖြစ်လို့ အခုပွဲကို အဖြစ်လောက်သာ ကစားသွားနိုင်ပါတယ်။ သရေကျသွားနိုင်ပါတယ်။

ချယ်လ်ဆီး နဲ့ ဝုလ်ဗ်

ချယ်လ်ဆီးက သရေတစ်မှတ်လောက်ရတာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်က သေချာနေပေမယ့် ဝုလ်ဗ်ကတော့ အဆင့်(၆)နေရာအတွက် အနိုင်ကစားထားနိုင်မှ ပိုစိတ်ချရတာနိုင်တာမို့ ဒီပွဲက အတော်လေးကို အကြိတ်အနယ် ဖြစ်လာမှာပါ။ ချယ်လ်ဆီးဘက်မှာ ကန်တီမပါနိုင်တာကလွဲရင် အားလုံးနီးပါး စုံလင်နေပြီဖြစ်ပေမယ့် ပွဲပန်းမှုဒဏ်ကတော့ ဝုလ်ဗ်ထက် ချယ်လ်ဆီးက ပိုခံနေရမှာပါ။ ဒီပွဲပြီးရင်လည်း အက်အေဖလားဖိုင်နယ် ကစားရဦးမှာဖြစ်လို့ အနည်းငယ်ဗျာများနေနိုင်တယ်ဆိုပေမယ့် လိုအပ်နေတဲ့ တစ်မှတ်လောက်ကိုတော့ မဖြစ်မနေ အရယူသွားနိုင်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် နဲ့ စပါး

ဒီလန်ဒန်ဒါဘီပွဲစဉ်ကလည်း အကြိတ်အနယ်ရှိမှာပါ။ နိုင်ပွဲရထားမှ ယူရိုပါလိဂ်ဝင်ခွင့်အတွက် စိတ်ချရနိုင်မယ့် စပါးကို သူတို့ရဲ့လန်ဒန်ဒါဘီပြိုင်ဘက် ပဲလေ့စ်က ဘယ်လောက်ထိ ဒုက္ခပေးသွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမယ့် ပဲလေ့စ်က နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပိုင်းတွေရော ရလဒ်ပိုင်းအရပါ အတော်လေးကို ဆိုးရွားလို့နေပါတယ်။ စပါးကတော့ နောက်ဆုံးကစားခဲ့တဲ့ (၅)ပွဲဆက် ရှံးပွဲမရှိသေးသလို ဒီပွွဲလည်း အနိုင်ရဖို့ လိုအပ်နေတာဖြစ်လို့ စပါးပဲ နိုင်ပါလိမ့်မယ်။

ဝက်စ်ဟမ်း နဲ့ ဗီလာ

ဖိအားကင်းနေတဲ့ ဝက်စ်ဟမ်းရဲ့ကစားအားတွေကို ယူနိုက်တက်နဲ့ပွဲမှာ မြင်တွေ့ထားခဲ့ရလို့ တန်းမဆင်းဖို့ ရုန်းကန်ရဦးမယ့် ဗီလာအတွက်တော့ သတိထားရစရာပါ။ ဒါပေမယ့်လည်း အာဆင်နယ်နဲ့ ကစားရမယ့် ဝက်ဖိုဒ့် အဲဗာတန်နဲ့ ကစားရမယ့် ဘုန်းမောက်အသင်းတို့ထက်စာရင် ဗီလာက Chance ပိုများပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက ပိုပြီးအမှတ်ပြည့်ရနိုင်ခြေများတဲ့ အသင်းဆိုပေမယ့်လည်း ခြေစွမ်းပိုင်းရော စိတ်ဓါတ်ပိုင်းပါ တိုးတတ်လာတဲ့ ဗီလာက တစ်မှတ်လောက်တော့ အရယူနိုင်ပါလိမ့်မယ်။

အဲဗာတန် နဲ့ ဘုန်းမောက်

ဗီလာနဲ့ ဝက်ဖိုဒ့်တို့ ရလဒ်တွေ ဘယ်လိုပဲထွက်ထွက် ဘုန်းမောက်ကတော့ နိုင်ပွဲရယူထားမှ ဖြစ်သလို နိုင်ပွဲရလိုက်ရင်တောင် ခုဏက အသင်း(၂)သင်းလုံး ရှံးနိမ့်ပါမှ တန်းဆင်းဇုန်ကနေ လွတ်မှာဖြစ်လို့ အခွင့်အရေးကတော့ နည်းပါးနေပါပြီ။ အဲဗာတန်ကလည်း ဒီရာသီ သူတို့ရဲ့အိမ်ကွင်းမှာ (၃)ပွဲလေးပဲ အရေးနိမ့်ထားသလို အိမ်ကွင်းမှာ မရှံးနိမ့်အောင် အဓိကထား ကစားတတ်တဲ့အသင်းဖြစ်လို့ ဘုန်းမောက်ရဲ့ (၃)မှတ်အပြည့်ယူမယ့် စိတ်ကူးတွေ ပျက်ဆီးသွားရနိုင်ပါတယ်။

လက်စတာ နဲ့ မန်ချက်စတာယူနိုက်တက်

အသင်းနှစ်သင်းလုံးအတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ပွဲစဉ်ပါ။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်ဖြစ်လို့ ဒီနှစ်သင်းလုံးမှာ ဖိအားတွေကိုယ်စီ ရှိနေမှာပါ။ ဒါပေမယ့် ယူနိုက်တက်က သရေတစ်မှတ်ရရှနံနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာဖြစ်ပြီး လက်စတာကတော့ အနိုင်ရမှပဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်ရမှာပါ။ ယူနိုက်တက်ဘက်မှာ လုခ်ရှောမပါဝင်နိုင်သေးပေမယ့် လက်စတာဘက်မှာက ပါရဲရား ဘန်ချီဝဲလ် ဂျိမ်းစ်မက်ဒီဆန်နဲ့ ဆိုရန်ဂူတို့ မပါနိုင်သေးပါဘူး။ ဒါပေမယ့် လက်စတာက တစ်ပတ်လောက်အထိကို အနားရထားပါတယ်။ ယူနိုက်တက်က လက်စတာကွင်းမှာဆို မရှံးအောင် ကစားခဲ့ဖူးတဲ့ အစဉ်အလာတွေရှိနေလို့ ယူနိုက်တက်အတွက် လိုအပ်နေတဲ့ အမှတ်တွေကို ယူဆောင်သွားနိုင်မှာပါ။