ဒီတစ်ပတ်မှာ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲတွေ ကျင်းပနေခဲ့တာဖြစ်လို့ ပရီးမီးယားလိဂ်ပွဲ(၄)ပွဲကိုပါ ရက်ရွေ့ထားရတဲ့အတွက် စနေမှာရော တနင်္ဂနွေနေ့မှာပါ ပရီးမီးယားလိဂ်ပွဲတွေကို အနည်းငယ်ပဲ ကျင်းပဖြစ်တော့မှာပါ။ ဒါပေမယ့် ပွဲတွေက နည်းနေတယ်ဆိုပေမယ့်လည်း အကြိတ်အနယ်ရှိမယ့် ပွဲစဉ်တွေ ပါဝင်နေတာဖြစ်လို့ ဒီပွဲတွေရဲ့အကြောင်းကို အကြိုသုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ဘုန်းမောက် နဲ့ ဆောက်သမ်တန် (ည၇နာရီခွဲ)

Photo Credit : Sky Sports

ဘုန်းမောက်တို့အတွက် လက်ကျန်ပရီးမီးယားလိဂ်ပွဲတွေက ဖိုင်နယ်ပွဲတွေလိုသတ်မှတ်ပြီး အားထည့်ကစားရတော့မှာပါ။ ဆိုးတာက သူတို့ရင်ဆိုင်ရမယ့် ဆောက်သမ်တန်ဟာ Form အတော်လေး ကောင်းမွန်နေတာပါပဲ။ ဘုန်းမောက်ရဲ့ရုန်းအားတွေကို စိတ်တိုင်းကျပေါက်ကွဲခွင့်မပေးနိုင်အောင် ဆောက်သမ်တန်ဘက်ကနေ တားဆီးလာနိုင်ပါတယ်။ ဆောက်သမ်တန်က အမှတ်မလိုပေမယ့် ရှံးပွဲမရအောင်တော့ ထိန်းကစားတတ်သလို (၅)ပွဲဆက်လည်း ရှံးပွဲမရှိသေးတဲ့အတွက် ဘုန်းမောက်တို့ အနိုင်ရယူဖို့ ခဲယဉ်းနိုင်ပါတယ်။ သရေပဲကျလိမ့်မယ်လို့ ထင်မိပါတယ်။

စပါး နဲ့ လက်စတာ (ည၉နာရီခွဲ)

Photo Credit : Sky Sports

စပါးက ရှက်ဖီးကို အရေးနိမ့်ခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ (၄)ပွဲဆက်တိုက် ရှံးပွဲမရှိခဲ့ပါဘူး။ လက်စတာကလည်း သူတို့အသင်းအတွက် ခက်ခဲနိုင်တယ်လို့ ထင်ထားရတဲ့ ရှက်ဖီးနဲ့ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် သူတို့ရဲ့ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်က အားကောင်းနေပါတယ်။ စပါးကလည်း ဒီပွဲကို အနိုင်ရလိုက်မယ်ဆိုရင် အဆင့်(၆)နေရာအတွက် ပိုပြီးမျှော်လင့်ချင်စရာ ဖြစ်လာမှာမို့ အမှားခံမှာမဟုတ်သလို လက်စတာမှာလည်း သူရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ မန်ယူနဲ့ချယ်လ်ဆီးတို့ အက်အေဖလားဆုံနေတုန်း ဖိအားပေးထားနိုင်အောင် ဒီပွဲကို သေချာပေါက် ကစားလာပါလိမ့်မယ်။ ရှက်ဖီးနဲ့ပွဲမှာ လက်စတာကစားပုံ ကောင်းခဲ့တယ်ဆိုပေမယ့် ရှက်ဖီးတိုက်စစ်ပိုိင်း အားနည်းနေတာမို့ လူမစုံတဲ့ လက်စတာခံစစ်သက်သာခဲ့ရတာဆိုပေမယ့် စပါးတိုက်စစ်ကိုတော့ လက်စတာခံစစ်က တောင့်ခံဖို့ မလွယ်နိုင်ပါဘူး။ ဒီလိုပဲ စပါးကလည်း လက်စတာရဲ့တိုက်စစ်ဆင်မှုတွေက ဂိုးပြန်ပေးရနိုင်လို့ ဒီပွဲမှာ အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်ပြီး အိမ်ရှင်စပါးပဲ နိုင်ပွဲဆက်ပါမယ်။