ပရီးမီးယားလိဂ် ပွဲစဉ်(၃၆)ကိုတော့ မနေ့ညကပဲ စတင်ကျင်းပခဲ့ပြီဖြစ်ပြီး အဆင့်(၃)နေရာမှာရှိနေတဲ့ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ် တန်းဆင်းထားခဲ့ရပြီဖြစ်တဲ့ နောရစ်ချ်စီးတီးအသင်းကို ဂျရှးရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ညမှာ ကစားမယ့်ပွဲတွေထဲမှာတော့ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်လည်း ပါဝင်နေတာကြောင့်မို့ ဘောလုံးပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေဦးမှာတော့ သေချာနေပါတယ်။

ဘန်လေ နဲ့ ဝုလ်ဗ် (ည၁၁နာရီခွဲ)

Photo Credit : Sky Sports

ဘန်လေက နောက်ပိုင်းပွဲတွေမှာ ရလဒ်ရော ပုံစံကောင်းပြသနေလို့ ယူရိုပါလိဂ်ဝင်ခွင့်လောက်တောင် မျှော်မှန်းနိုင်တဲ့ အနေအထားဖြစ်နေပါတယ်။ ဝုလ်ဗ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် လက်ကျန်ပွဲတိုင်းကို အနိုင်ကစားထားဖို့က မဖြစ်မနေကို လိုအပ်နေပြီး ဒီပွဲမှာ ခြေချော်လိုက်မယ်ဆိုရင် Top 4 အတွင်း ဝင်နိုင်ဖို့က ခက်ခဲသွားပါလိမ့်မယ်။ ဘန်လေရဲ့အိမ်ကွင်းကစားပုံ ကောင်းမွန်တာကြောင့် သရေနဲ့ပဲ အဆုံးသတ်ဖွယ်ရှိပါတယ်။

မန်စီးတီး နဲ့ ဘုန်းမောက် (ည၁၁နာရီခွဲ)

Photo Credit : Sky Sports

ဘုန်းမောက်က လက်စတာကို အံ့အားသင့်စဖွယ် အနိုင်ရလိုက်တယ်ဆိုပေမယ့် အယ်တီဟတ်မှာတော့ များများစားစား မျှော်လင့်လို့ရနိုင်မယ် မထင်ပါဘူး။ တစ်ခုတော့ရှိပါတယ်။ မန်စီးတီးက ဒီပွဲပြီးရင် အာဆင်နယ်နဲ့ အက်အေဖလား ဆီမီးဖိုင်နယ် ကစားရဦးမှာဖြစ်လို့ ကစားအားချွေတာလာနိုင်တာကိုပါပဲ။ ဒါပေမယ့် ကစားအား ဘယ်လိုပဲ ချွေတာပါစေ အိမ်ရှင်မန်စီးတီးတို့ပဲ အိမ်ကွင်းမှာ ဘုန်းမောက်ကို အနိုင်ယူမှာတော့ သေချာပါတယ်။ အနည်းဆုံး(၂)ဂိုးလောက် သွင်းယူနိုင်ပါတယ်။

နယူးကာဆဲလ် နဲ့ စပါး (ည၁၁နာရီခွဲ)

Photo Credit : BT Sports

လန်ဒန်ဒါဘီမှာ အောင်ပွဲခံခဲ့ပေမယ့်လည်း စပါးရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကို စိတ်တိုင်းမကျနိုင်သေးတာတော့ အမှန်ပါ။ နယူးကာဆဲလ်မှာကလည်း လက်ဆဲလက်စ် ဟေဒန်တို့လို အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် အင်အားကနည်းနေနိုင်သလို ခံစစ်ပိုင်းလည်း အမှားများနေတာကြောင့် ကိန်း ဆွန်ဟောင်မင် မော်ရာတို့ကို ထိန်းရခက်နိုင်ပါမယ်။ အဝေးကွင်းနိုင်ပွဲမရတာ ကြာနေပြီဆိုပေမယ့် ဒီပွဲမှာတော့ အိမ်ရှင်ကို စပါးတို့ ကပ်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အာဆင်နယ် နဲ့ လီဗာပူးလ်(မနက်၁နာရီ၄၅မိနစ်)

Photo Credit : Youtube

လန်ဒန်ဒါဘီရှံးပွဲကလို ခံစစ်ကစားသမားတွေ အမှားတွေကို ဒီလိုပွဲမျိုးမှာ ထပ်လုပ်မိမယ်ဆိုရင် အာဆင်နယ်အတွက် ပေးဆပ်မှုတွေက ပိုကြီးမားသွားနိုင်ပါတယ်။ ဒါပေမယ့် အာဆင်နယ်က ဒီပွဲထက်စာရင် အက်အေဖလား ဆီမီးဖိုင်နယ်ကိုပဲ ပိုအာရုံစိုက်နိုင်ဖွယ် ရှိနေသလို ကစားသမားတွေကိုလည်း အပြောင်းအလဲတွေ လုပ်လာနိုင်ပါတယ်။ လီဗာပူးလ်ကလည်း နောက်ဆုံးအဝေးကွင်း (၅)ပွဲမှာ (၁)ပွဲလေး နိုင်ထားခဲ့သလို (၅)ပွဲပဲ (၃)ဂိုးပဲ သွင်းထားနိုင်ခဲ့ပါတယ်။ ၂၀၁၆နောက်ပိုင်းကတည်းက အာဆင်နယ်ကွင်းမှာ အနိုင်မယူနိုင်တော့တဲ့ လီဗာပူးလ်တို့ ဒီတစ်ခါ အမ်းမရိတ်မှာ အာဆင်နယ်ကို ကပ်နိုင်သွားဖွယ် ရှိနေပါတယ်။