မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်အတွင်းမှာတော့ ချန်ပီယံလီဗာပူးလ်အသင်းက အာဆင်နယ်ကို အဝေးကွင်းမှာ ရှံးနိမ့်သွားခဲ့တဲ့အတွက် မန်စီးတီးအသင်း ရယူထားခဲ့တဲ့ ပရီးမီးယားလိဂ် အမှတ်တစ်ရာစံချိန်ကို လိုက်မီနိုင်ဖို့က မဖြစ်နိုင်တော့ပါဘူး။ ဒီပွဲက ပွဲစဉ်(၃၆)ရဲ့အကောင်းဆုံးပွဲစဉ် ဖြစ်ပေမယ့် ဒီနေ့မှာ ကစားသွားမယ့် လက်စတာနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်ကလည်း ဘောလုံးပရိသတ်တွေအတွက် ဆွဲဆောင်မှုတွေ ပေးဆောင်နိုင်ဦးမှာပါ။

အဲဗာတန် နဲ့ အက်စတွန်ဗီလာ (ည၁၁နာရီခွဲ)

Photo Credit : Sky Sports

အဲဗာတန်ကတော့ ဝုလ်ဗ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ခြေစွမ်းပိုင်း အတော်လေးအားနည်းခဲ့ပေမယ့် ဗီလာကတော့ တန်းဆင်းဇုန်ရုန်းအားတွေနဲ့ ပဲလေ့်ကို အနိုင်ယူထားခဲ့ပါတယ်။ လက်ရှိမှာလည်း ဗီလာက သူတို့ရဲ့နိုင်ပွဲကြောင့် စိတ်အားတတ်နေမှာ သေချာနေသလို ဒီတစ်ပတ်မှာလည်း ဘုန်းမောက်က မန်စီးတီးကို ရှံးထားသလို ဝက်စ်ဟမ်းနဲ့ ဝက်ဖိုဒ့်တို့ကလည်း အချင်းချင်း တွေ့ဆုံနေတာဖြစ်လို့ ဒီအခြေအနေကို ဗီလာတို့ အခွင့်ကောင်းယူနိုင်သင့်ပါတယ်။ အဲဗာတန်က အိမ်ကွင်းဆိုပေမယ့် ဗီလာရဲ့ရုန်းအားကိုပဲ သဘောကျမိပါတယ်။

 

လက်စတာ နဲ့ ရှက်ဖီးယူနိုက်တက် (ည၁၁နာရီခွဲ)

Photo Credit : VnReview

နှစ်သင်းလုံးက ဥရောပဝင်ခွင့် မျှော်မှန်းချက်တွေအတွက် အမှားခံလို့မဖြစ်တော့တာကြောင့် ဒီပွဲက အရမ်းကို အကြိတ်အနယ် ဖြစ်လာမှာပါ။ အိမ်ရှင်လက်စတာက ဒီပွဲမှာ ချီဝဲလ် ပါရဲရားနဲ့ မက်ဒီဆန်တို့ကို ဒဏ်ရာကြောင့် လွဲချော်ရဦးမှာဖြစ်သလို ဆိုရန်ဂူကလည်း ပွဲပယ်ခံထားရလို့ ခံစစ်ပိုင်းအတွက် ခေါင်းခဲလာနိုင်ပါတယ်။ ရှက်ဖီးကတော့ အဝေးကွင်းစွမ်းဆောင်ရည် အားရစရာ အနေအထားမှာ မရှိပေမယ့် အသင်းမှာတော့ ဒဏ်ရာပွဲပယ်စာရင်းက နည်းပါးနေပါတယ်။ လက်ရှိမှာလည်း Form ကောင်းမွန်နေတာကြောင့် ရှက်ဖီးတို့ အနည်းဆုံးသရေလောက် ရနိုင်ပါတယ်။

 

ခရစ္စတယ်ပဲလေ့စ် နဲ့ မန်ချက်စတာယူနိုက်တက် (မနက်၁နာရီ၄၅မိနစ်)

Photo Credit : Youtube

ဆောက်သမ်တန်ကို သရေကျလိုက်ရတဲ့ ယူနိုက်တက်ကတော့ အဆင့်(၃)နေရာကို တတ်လှမ်းနိုင်မယ့် အခွင့်အရေးကနေ လက်လွတ်လိုက်ရပေမယ့် သူတို့ကြမာကို သူတို့ဖန်တီးနိုင်ခွင့်တော့ ရှိနေပါသေးတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အသင်းရဲ့ပွဲထွက်ကစားသမားတွေဖြစ်တဲ့ လုခ်ရှော ဂရင်းဝုဒ်တို့ ဒဏ်ရာရနေသလို ကစားသမားတွေလည်း ပွဲပန်းလို့နေကြပါတယ်။ ပဲလေ့စ်ကလည်း နောက်ဆုံး(၅)ပွဲဆက်ကို ရှံးထားခဲ့တယ်ဆိုပေမယ့် သူတို့ရဲ့ကွင်းမှာ ယူနိုက်တက်တို့ လာကစားတိုင်း အမြဲခက်ခဲစေတဲ့ပုံစံနဲ့ ကစားနိုင်တတ်တဲ့ အသင်းမျိုးပါ။ ခက်ခဲနိုင်တယ်ဆိုပေမယ့် ယူနိုက်တက်ပဲ ကပ်နိုင်ဖွယ်ရှိပါတယ်။

 

ဆောက်သမ်တန် နဲ့ ဘရိုက်တန် (မနက်၁နာရီ၄၅မိနစ်)

Photo Credit : Bongda

ဆောက်သမ်တန်က နောက်ဆုံး(၄)ပွဲဆက် ရှံးပွဲမရှိသေးပဲ မန်စီးတီကို အနိုင်နဲ့ ယူနိုက်တက်ကို သရေကျအောင် ကစားထားပါတယ်။ ဘရိုက်တန်က တန်းဆင်းဇုန်နဲ့ (၅)မှတ် ဖြတ်တောက်ထားတယ်ဆိုပေမယ့်လည်း သချာင်္နည်းအရဆိုရင်တော့ တန်းဆင်းရမယ့်အရေးနဲ့ လုံးဝမလွတ်ကင်းနိုင်သေးပါဘူး။ နောက်တစ်ခု ထူးခြားတာက ဘရိုက်တန်က နောက်ဆုံးအဝေးကွင်း (၅)ပွဲဆက်ကို ရှံးပွဲမရှိပဲနဲ့ သရေပွဲချည်းပဲ (၄)ပွဲအထိကို ကစားထားပါတယ်။ ဆိုတော့ ဒီပွဲလည်း အိမ်ရှင်ဆီကနေ တစ်မှတ်လောက်တော့ ခွဲယူသွားနိုင်ပါတယ်။