မနေ့က စနေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃)ရဲ့ ပွဲစဉ်တချို့ကို ယှဉ်ပြိုင်ကစားစေခဲ့ပြီး မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီး လက်စတာအသင်းတွေ ရလဒ်ကောင်းခဲ့ကြပါတယ်။ ဒီနေ့ညမှာလည်း လက်ရှိချန်ပီယံ လီဗာပူးလ် မန်စီးတီး အစရှိတဲ့ အသင်းတွေရဲ့ ပွဲစဉ်တွေပါဝင်နေတာကြောင့် ပရိသတ်တွေကို ဆွဲဆောင်နေဦးမှာဖြစ်တာကြောင့် ဒီပွဲတွေရဲ့အကြောင်းကို အကြိုရင်ခုန်ကြည့်လိုက်ရအောင်လားဗျာ။

Photo Credit : Getty Image

ဘန်လေ နဲ့ ရှက်ဖီးယူနိုက်တက် (ညနေ၅နာရီခွဲ)

ပြီးခဲ့တဲ့(၂)ပွဲဆက်ကို အနိုင်ရထားတဲ့ ဘန်လေကို အဝေးကွင်းမှာ အနိုင်ယူဖို့ဆိုတာ ရှက်ဖီးအတွက် ခက်ခဲနိုင်ပါတယ်။ ဘန်လေကလည်း ဒီပွဲနိုင်လိုက်တာနဲ့ ရှက်ဖီးရဲ့နေရာလောက်ထိပါ တတ်လှမ်းနိုင်မှာဖြစ်လို့ အိမ်ကွင်းမှာ အားထည့်ကစားလာနိုင်ပါတယ်။ စပါးကို အနိုင်ရထားတယ်ဆိုပေမယ့် ဒီပွဲတော့ ရှက်ဖီးတို့ အမှတ်ပြန်လျော့သွားနိုင်ပါတယ်။ အိမ်ရှင်ဘန်လေအတွက် သရေတစ်မှတ်လောက်က သေချာနေပါတယ်။

Photo Credit : Getty Image

နယူးကာဆဲလ် နဲ့ ဝက်စ်ဟမ်း (၇နာရီ၄၅မိနစ်)

အက်အေဖလားမှာ မန်စီးတီးကို အရေးနိမ့်ခဲ့တာကလွဲရင် နယူးကာဆဲလ်က ပရီးမီးယားလိဂ်မှာ ခြေမှန်နေပြီး (၆)ပွဲဆက်တိုက် ရှံးပွဲမရှိသေးပါဘူး။ ဝက်စ်ဟမ်းကတော့ လန်ဒန်ဒါဘီမှာ ချယ်လ်ဆီးကို အနိုင်ရခဲ့ပေမယ့် လိုအပ်ချက်တွေကတော့ ရှိနေဆဲပါပဲ။ ဒါပေမယ့် ဝက်ဖိုဒ့် ဘုန်းမောက် နောရစ်ချ်အသင်းတို့ ရှံးပွဲတွေတွေ့ထားတာကိုတော့ ဝက်စ်ဟမ်းဘက်ကနေ အခွင့်ကောင်းယူရမှာဖြစ်တဲ့အတွက် သရေတစ်မှတ်လောက်ရအောင် ကစားသွားဖွယ်ရှိပါတယ်။

Photo Credit : Getty Image

လီဗာပူးလ် နဲ့ အက်စတွန်ဗီလာ (ည၁၀နာရီ)

ဒီပွဲကတော့ လီဗာပူးလ်အသင်း ဘယ်လိုလူစာရင်းနဲ့ ပွဲထွက်လာမလဲဆိုတဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်လို့ ထင်မိပါတယ်။ သေချာတာကတော့ အဓိက ကစားသမားတွေကို အနည်းနဲ့အများ ထည့်သုံးဦးမှာဖြစ်သလို အရမ်းလည်း ပေါ့ပျက်ပျက်တော့ ကစားသွားဖွယ် မရှိပါဘူး။ ဗီလာကတော့ တန်းဆင်းဇုန်ကနေ အလွတ်ရုန်းရင်းနဲ့ ရုန်းမရအောင် ဖြစ်နေတဲ့အပြင် အခုလည်း လီဗာပူးလ်နဲ့ဆုံနေတာက ကံဆိုးနေရပါတယ်။ လီဗာပူးလ်အနိုင်သေချာပါတယ်။ ဂိုးပြတ်မပြတ်သာ စောင့်ကြည့်ရပါမယ်။

Photo Credit : Getty Image

ဆောက်သမ်တန် နဲ့ မန်စီးတီး (ည၁၂နာရီခွဲ)

ဆောက်သမ်တန်ရဲ့အိမ်ကွင်းမှာဆိုရင် မန်စီးတီးတို့ ရုန်းကန်တတ်ရတဲ့ အစဉ်အလာရှိတတ်တယ်ဆိုတာ မေ့ထားလို့ မရပါဘူး။ နိုင်ပွဲရရင်တောင် ဆောက်သမ်တန်ရဲ့ခံကစားမှုတွေကြောင့် နိုင်ပွဲကို ခက်ခက်ခဲခဲ ရယူရတတ်တာမို့ ဒီပွဲလည်း မန်စီးတီးအတွက် အခက်တွေ့နိုင်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မန်စီးတီးအသင်းရဲ့ Form က အရမ်းကောင်းမွန်နေတာဖြစ်လို့ ဒါကို ဆောက်သမ်တန်တို့ တားဆီးရခက်ခဲနိုင်ပါတယ်။ မန်စီးတီးတို့ပဲ အနိုင်ရသွားပါလိမ့်မယ်။