ပရီးမီးယားလိဂ်ပြိုင်ပွဲက ချန်ပီယံအဖြေ တရားဝင်ထွက်ပေါ်သွားခဲ့ပြီဆိုပေမယ့်လည်း ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်အတွက်ရော တန်းမဆင်းရရေးအတွက်ပါ တိုက်ပွဲတွေက ကျန်နေသေးတာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းနေမှာတော့ သေချာပါတယ်။ ဒီနေ့စနေညမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို (၅)ပွဲအထိ ယှဉ်ပြိုင်စေမှာဖြစ်ပြီး ပွဲအားလုံးကလည်း စိတ်လှုပ်ရှားစရာကောင်းနေတာမို့ ဒီပွဲတွေအကြောင်းကို ဆက်လက်တင်ဆက်ပေးချင်ပါတယ်။

Photo Credit : Getty Image

နောရစ်ချ် နဲ့ ဘရိုက်တန် (ညနေ၆နာရီ)

နောရစ်ချ်ရဲ့လက်ရှိအခြေအနေက (၂)ပွဲဆက်လောက်နိုင်မှပဲ အဆင့်(၁၉)နေရာက ဘုန်းမောက်နဲ့ အမှတ်တူရမယ့် အနေအထားဖြစ်နေလို့ တန်းဆင်းရဖို့က သေချာသလောက်ရှိနေသလို ရလဒ်တွေကလည်း လုံးဝကို ပြန်မတတ်လာခဲ့ပါဘူး။ ဘရိုက်တန်ကလည်း ခြေစွမ်းသိပ်မကောင်းလှတဲ့ အသင်းဆိုပေမယ့် အဝေးကွင်းမှာတော့ တစ်မှတ်လောက်ရအောင် ကစားတတ်တဲ့အသင်းပါ။ ဒီပွဲမှာ အနိုင်သာရလိုက်မယ်ဆိုရင် ဘရိုက်တန်တို့ တန်းမဆင်းရဖို့က ပိုပြီးသေချာသွားနိုင်တယ်။ ဧည့်သည်ဘရိုက်တန်ကိုပဲ အားပေးသွားချင်ပါတယ်။

Photo Credit : Getty Image

လက်စတာ နဲ့ ခရစ္စတယ်ပဲလေ့စ် (ည၈နာရီခွဲ)

ဘောလုံးပွဲတွေ ပြန်စကတည်းက နိုင်ပွဲတွေ ပြန်လည်မရသေးတဲ့ လက်စတာတို့ အဆင့်(၅)နဲ့(၆)နေရာတို့က ယူနိုက်တက် ဝုလ်ဗ်တို့နဲ့ အမှတ်ကပ်လာခဲ့ပြီဖြစ်လို့ ထပ်အမှားခံလို့ မဖြစ်တော့ပါဘူး။ အခု သူတို့နဲ့ရင်ဆိုင်ရမယ့် ပဲလေ့စ်ကလည်း နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲဆက် အရေးနိမ့်ထားတယ်ဆိုပေမယ့်လည်း ပဲလေ့စ်က အမှတ်မလိုတော့လို့ ဖိအားကင်းနေပါတယ်။ လီဗာပူးလ်နည်းပြဟောင်းနှစ်ယောက်ရဲ့ ဆုံတွေ့မှုမှာ အမှတ်လိုနေတဲ့ ရော်ဂျာရဲ့လက်စတာကို ယုံကြည်ထားချင်ပါတယ်။

Photo Credit : Getty Image

မန်ချက်စတာယူနိုက်တက် နဲ့ ဘုန်းမောက် (ည၈နာရီခွဲ)

ခြေစွမ်းပိုင်းရလဒ်ပိုင်းတွေ တောက်လျှောက်မှန်နေတဲ့ ယူနိုက်တက်အတွက်ကတော့ ဒီပွဲက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းမောက်က သူတို့ရဲ့အိမ်ကွင်းမှာ ယူနိုက်တက်ကို တစ်ဂိုးတည်းနဲ့ အနိုင်ယူထားတာဖြစ်လို့ ဒါကို အကြွေးပြန်ဆပ်ဖို့ ပြင်ဆင်လာပါလိမ့်မယ်။ ဘုန်းမောက်ကလည်း လက်ရှိမှာ အခြေအနေတအားဆိုးရွှားနေပြီး အသင်းအတွင်း ပြသာနာတွေလည်း ရှိနေတာဖြစ်လို့ အိုးထရက်ဖိုဒ့်မှာ ယူနိုက်တက်တို့ ဂိုးမိုးရွှာနိုင်ပါတယ်။

Photo Credit : Getty Image

ဝုလ်ဗ် နဲ့ အာဆင်နယ် (ည၁၁နာရီ)

ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲစဉ်လို့ပြောရမယ့် ဒီပွဲကတော့ ဥရောပဝင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်နေကြတဲ့ အသင်းနှစ်သင်းရဲ့အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပြီး လုံးဝကို အကြိတ်အနယ်ရှိနေမှာပါ။ လက်ရှိခြေစွမ်းတွေအရဆိုရင် အိမ်ရှင်ဝုလ်ဗ်က ပိုသာလို့နေပြီး ထရာအိုရေးကို ထိန်းချုပ်ဖို့လည်း ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် မနှစ်ကရာသီအတွင်း ဝုလ်ဗ်က အိမ်ကွင်းမှာပဲ အာဆင်နယ်ကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ယူထားခဲ့ပါသေးတယ်။ အခုလည်း အိမ်ရှင်ကပဲ ရလဒ်ပိုကောင်းနိုင်ပါတယ်။ ဂိုးလည်းများနိုင်တယ်။

Photo Credit : Getty Image

ချယ်လ်ဆီး နဲ့ ဝက်ဖိုဒ့် (မနက်၁နာရီခွဲ)

ဝက်စ်ဟမ်းကို ရှံးနိမ့်ထားရတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ ဒီပွဲမှာတော့ ထပ်ပြီးအမှားမခံလောက်တော့ဘူးလို့ ယူဆနိုင်ပေမယ့် ဝက်ဖိုဒ့်ကလည်း တန်းဆင်းဇုန်းထဲ ကျရောက်နေတဲ့ အသင်းဖြစ်လို့ ပေါ့ဆလို့တော့ မဖြစ်ပါဘူး။ ဝက်ဖိုဒ့်အသင်းကလည်း နောက်ပိုင်းပွဲတွေမှာ ရှံးပွဲတွေဆက်လာပြီး ရလဒ်ပြန်လည်ကျဆင်းနေတာဖြစ်လို့ အိမ်ရှင်ချယ်လ်ဆီးတို့ ဒီပွဲအားထည့်ကစားကာ နိုင်ပွဲတစ်ပွဲကို ပြန်လည်ဖော်ဆောင်နိုင်ပါလိမ့်မယ်။