မနေ့ညကတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၃)အတွက် စုစုပေါင်း(၄)ပွဲအထိကို ကျင်းပစေခဲ့ပြီး မန်ချက်စတာယူနိုက်တက်က နိုင်ပွဲစတင်ရရှိခဲ့ပေမယ့်လည်း ချယ်လ်ဆီးကတော့ ဝက်ဘရွန်းကို သရေကျခဲ့လို့ (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။ ဒီနေ့ Super Sunday ညမှာတော့ မန်စီးတီးအသင်းနဲ့ လက်စတာအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲကောင်းတစ်ပွဲ ပါဝင်နေသလို စပါးကလည်း သူတို့ရဲ့အိမ်ကွင်းမှာ နယူးကာဆဲလ်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းနေမှာ သေချာပါတယ်။ ဒီပွဲစဉ်တွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

ရှက်ဖီးယူနိုက်တက် နဲ့ လိဒ်စ်ယူနိုက်တက် (ညနေ၅နာရီခွဲ)

Photo Credit : Examiner

ရှက်ဖီးက ဒီရာသီမှာ မနှစ်ကလို တည်ငြိမ်မှုမရှိတော့ပဲ တိုက်စစ်ပိုင်းက အားနည်းလို့နေပါတယ်။ လိဒ်စ်ကလည်း သူတို့ရဲ့မာကြောမှုကို ပြသထားနိုင်တယ်ဆိုပေမယ့် အိတ်ပေါက်နဲ့ ဖားကောက်နေရလိုသလို ခံစစ်က (၂)ပွဲအတွင်းမှာပဲ (၇)ဂိုးအထိ ခွင့်ပြုထားရပါတယ်။ ဒီရာသီ အသင်းတိုင်း ဂိုးမြူးနေချိန်မှာ ရှက်ဖီးက တိုက်စစ်ကနေ သွင်းဂိုးတစ်ဂိုးမှမရသေးတဲ့ တစ်သင်းတည်းသောအသင်း ဖြစ်နေတာမို့ ပေးဂိုးများနေတဲ့ လိဒ်စ်ခံစစ်ကို ဂိုးစတင်သွင်းနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဂိုးနည်းတဲ့ပွဲဖြစ်သွားနိုင်ပြီးတော့ သရေကျဖို့ များပါတယ်။

စပါးနဲ့ နယူးကာဆဲလ် (ည၇နာရီခွဲ)

Photo Credit : Sky Sports

ဆောက်သမ်တန်နဲ့ပွဲက ဒုတိယပိုင်းကစားပုံနဲ့သာဆို စပါးတို့ နယူးကာဆဲလ်ကို အလွယ်တကူ အနိုင်ယူနိုင်ပါတယ်။ နယူးကာဆဲလ်မှာ ကစားသမားသစ်တွေဖြစ်တဲ့ ဝီလ်ဆန် ဖရေဆာ ဟန်းဒရစ်တို့ ကစားပုံမဆိုးလှပေမယ့် ခံစစ်ပိုင်းမှာတော့ လိုအပ်ချက်တချို့ ရှိနေသေးတာမို့ ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတို့အတွဲကို ထိန်းချုပ်ရခက်ခဲနိုင်သလို စပါးကစားသမားသစ် ရယ်ဂီလွန်ကလည်း ဘယ်ခြမ်းကနေ Crossing တွေနဲ့ အသင်းဂိုးရအောင် စွမ်းဆောင်လာမှာဖြစ်လို့ ဒီပွဲလည်း စပါးတို့ နိုင်ပွဲဆက်ပါမယ်။ နှစ်သင်းပေါင်းသွင်းဂိုးများမယ်။ ဂိုးလည်းပြန်ပေးရနိုင်ပါတယ်။

မန်စီးတီး နဲ့ လက်စတာ (ည၁ဝနာရီ)

Photo Credit : Sky Sports

ဒီညရဲ့အကောင်းဆုံးပွဲစဉ်ပါ။ မန်စီးတီးက လက်ရှိမှာ ဒဏ်ရာရကစားသမားတွေ များလွန်းနေတာမို့ အကယ်ဒမီက ချာတိတ်တွေကိုပါ သုံးစွဲလာနိုင်တယ်ဆိုပေမယ့် မန်စီးတီးဟာ အသင်းကောင်း(၂)သင်းစာလောက် လူအင်အားရှိနေတယ်ဆိုတာကို ဝုလ်ဗ်နဲ့ပွဲမှာ မျက်ဝါးထင်ထင် မြင်ရမှာပါ။ လက်စတာကတော့ ပရီးမီးယားလိဂ် (၂)ပွဲဆက်တိုက် အနိုင်ရထားပြီး (၂)ပွဲအတွင်း (၇)ဂိုးအထိ သွင်းယူထားကာ တိုက်စစ်စွမ်းရည် ပြသထားပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းမှာတော့ လိုအပ်ချက်တွေ ရှိနေတာမို့ စတာလင်း မာရက်ဇ်တို့ရဲ့တိုက်စစ်ကို တားဆီးရခက်ခဲနိုင်ပါတယ်။ မန်စီးတီးခံစစ်ဘက်မှာလည်း လာပေါ့တ်ပြန်လည်ပါဝင်နိုင်တာကြောင့် လက်စတာတိုက်စစ်ကို ဟန့်တားနိုင်ဖွယ်လည်း ရှိနေပါတယ်။ မန်စီးတီးအတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာနိုင်ပေမယ့် မန်စီးတီးပဲ အနိုင်ရပါလိမ့်မယ်။

ဝက်စ်ဟမ်း နဲ့ ဝုလ်ဗ် (ည၁၂နာရီခွဲ)

Photo Credit : Sky Sports

အာဆင်နယ်နဲ့ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ ဝက်စ်ဟမ်းရဲ့ခြေက အထင်ကြီးဖို့ကောင်းပါတယ်။ ရလဒ်ရှုံးခဲ့ပေမယ့် ကစားပုံက မဆိုးလှပါဘူး။ ဝုလ်ဗ်ကတော့ အဖွင့်ပွဲကို အနိုင်ရထားပေမယ့် မန်စီးတီးကိုတော့ ရှံးနိမ့်ခဲ့တယ်။ ဒါပေမယ့် ကစားပုံက အရမ်းကြီးဆိုးရွှားခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ဒီပွဲမှာ ကစားသမားသစ် ဆီမီဒိုပါ ပါဝင်လာနိုင်တာကြောင့် ဝုလ်ဗ်ရဲ့ကစားအား ပိုကောင်းသွားမလားဆိုတာ စိတ်ဝင်စားစရာပါ။ ဝက်စ်ဟမ်းက ခံစစ်ပိုင်းမှာ အားနည်းချက်တချို့ ရှိနေသေးတာဖြစ်လို့ ဒီပွဲမှာ ဧည့်သည်ကို အမှတ်ပေးခွဲရနိုင်ပါတယ်။