ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ လက်ရှိမှာ ပွဲစဉ်(၃)ထိကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ပွဲကြီးပွဲကောင်းတွေ ပါဝင်နေဦးမှာဖြစ်လို့ ဘောလုံးဝါသနာအိုးတွေအတွက် မလွတ်တမ်းကြည့်ရှုရဦးမှာဖြစ်ပါတယ်။ ဒီနေ့ စနေနေ့မှာလည်း ပွဲကောင်းတွေ အသင်းကောင်းတွေရဲ့ပွဲစဉ်တွေလည်း ပါဝင်နေတာမို့ ဒီပွဲတွေရဲ့အကြောင်းကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ဘရိုက်တန် နဲ့ မန်ချက်စတာယူနိုက်တက် (ညနေ၆နာရီ)

Photo Credit : Sky Sports

ယူနိုက်တက်အတွက်တော့ ခက်ခဲဦးမယ့်ပွဲလို့ပဲ ပြောရမယ်။ ဘရိုက်တန်က ချယ်လ်ဆီးကို ရှံးခဲ့တဲ့ပွဲမှာတောင် သူတို့အသင်းရဲ့ Team Work Form ကောင်းမွန်နေတယ်ဆိုတာကို ပြသထားခဲ့သလို နယူးကာဆဲလ်ကိုလည်း အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ယူထားခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ဒီပွဲလည်း ဆက်ပြီးရလဒ်တိမ်းစောင်းနေဦးမယ်ဆိုရင် ပရိသတ်တွေရဲ့ စိတ်ပျက်မှုတွေနဲ့ ပိုပြီးရင်ဆိုင်ရနိုင်ပါတယ်။ ခံစစ်ပိုင်း မတည်ငြိမ်သေးတဲ့ ယူနိုက်တက်က ဘရိုက်တန်ရဲ့တိုက်စစ်ကိုတော့ သွင်းဂိုးတွေ ပြန်ပေးရဖို့တော့ ရှိနေပါတယ်။ သွင်းဂိုးတွေ အပြန်အလှန်သွင်းပြီး သရေလောက်နဲ့ပဲ ပြီးသွားမယ်လို့ ထင်ပါတယ်

ခရစ္စတယ်ပဲလေ့စ် နဲ့ အဲဗာတန် (ည၈နာရီခွဲ)

Photo Credit : Optus Sports

ဆောက်သမ်တန်နဲ့ယူနိုက်တက်တို့ကို အနိုင်ရထားတဲ့ ပဲလေ့စ်အသင်းနဲ့ စပါး ဝက်ဘရွန်းတို့ကို အနိုင်ယူထားတဲ့ အဲဗာတန််အသင်းတို့ တွေ့ဆုံရမယ့်ပွဲက အရမ်းကို စိတ်ဝင်စားဖို့ကောင်းနေမှာပါ။ လက်ရှိမှာ ပဲလေ့စ်ထက် အဲဗာတန်က တိုက်စစ်ပိုသာလွန်တယ်ဆိုပေမယ့် အဲဗာတန်မှာက ခံစစ်ပိုင်းယိုယွင်းမှုတွေနဲ့ ဂိုးသမားပစ်ဖိုဒ့်ရဲ့အမှားတွေကလည်း ရှိလို့နေပါသေးတယ်။ ပဲလေ့စ်ကတော့ အသင်းရဲ့တိုက်စစ်က အားမနည်းဘူးဆိုတာကို ယူနိုက်တက်နဲ့ပွဲမှာ ပြသထားနိုင်ခဲ့သလို အခုပွဲမှာလည်း အဲဗာတန်ကို အခက်တွေ့စေနိုင်ဦးမယ်ထင်ပါတယ်။ သရေကျနိုင်ပါတယ်။ နိုင်မယ်ဆိုရင်တော့ အဲဗာတန်ကပ်နိုင်ဖွယ် ရှိပါတယ်။

ဝက်ဘရွန်း နဲ့ ချယ်လ်ဆီး (ည၁၁နာရီ)

Photo Credit : Sky Sports

ကြားရက်က လိဂ်ဖလားပွဲမှာတော့ ချယ်လ်ဆီးရဲ့စျေးအကြီးဆုံး ကစားသမား ဟားဗက်ဇ်က သွင်းဂိုးတွေစရခဲ့ပြီး ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့ပါတယ်။ တန်းတတ်ဝက်ဘရွန်းက ကစားပုံမဆိုးပေမယ့် ရှံးပွဲတွေက ဆက်နေတဲ့အပြင် လက်စတာ အဲဗာတန်တို့နဲ့အပြီး ချယ်လ်ဆီးနဲ့ပါ ဆက်တိုက်ကစားရမှာဖြစ်လို့ ပွဲအရမ်းပန်းနေနိုင်ပါတယ်။ ဒါပေမယ့် ဝက်ဘရွန်းတို့က အိမ်ကွင်းကစားအားကောင်းတာကို ချယ်လ်ဆီးတို့ မေ့ထားလို့မရသလို ဟားဗက်ဇ်ရဲ့ခြေစွမ်းအမှန်ကိုလည်း အခုလို ပွဲမျိုးမှာမြင်တွေ့ရဖို့ လိုအပ်ပါတယ်။ တိုက်စစ်ကစားပုံ မဆိုးလှတဲ့ ချယ်လ်ဆီးတို့ ဝက်ဘရွန်းကိုတော့ (၂)ဂိုးလောက် သွင်းယူနိုင်လိမ့်မယ်လို့ ထင်မိပါတယ်။

ဘန်လေ နဲ့ ဆောက်သမ်တန် (ည၁နာရီခွဲ)

Photo Credit : Sportskeeda

ဆောက်သမ်တန်က ဒီရာသီအစမှာ ရလဒ်တွေဆိုးနေပါတယ်။ ကစားသမားက များများစားစား လျော့ကျသွားတာမရှိပေမယ့် အသင်းရဲ့ဟန်ချက်ကိုတော့ ပြန်မထိန်းနိုင်သေးပါဘူး။ ဘန်လေကတော့ လက်စတာကို အရေးနိမ့်ခဲ့ထားတယ်ဆိုပေမယ့် သူတို့ရဲ့မာဂုဏ်ကိုတော့ ပြသထားနိုင်ပါတယ်။ နှစ်သင်းလုံးကတော့ ရာသီအစ ပထမဆုံးနိုင်ပွဲရဖို့အတွက် ရုန်းကြမှာပါ။ သရေကျရင် အနည်းငယ်လေးနစ်နာနိုင်မယ့် ဧည့်သည်ထက် အိမ်ရှင်ဘန်လေကို ပိုသဘောကျမိပါတယ်။