ပရီးမီးယားလိဂ် ပွဲစဉ်(၂)ကိုတော့ မနေ့ညကတည်းက စတင်ကျင်းပနေပြီဖြစ်ပြီး ပွဲအများစုမှာတော့ သွင်းဂိုးတွေများစွာ မြင်တွေ့ခဲ့ရသလို နာမည်ကျော်မန်ချက်စတာယူနိုက်တက်အသင်းကလည်း သူတို့ရဲ့ အဖွင့်ပွဲစဉ်မှာ ပဲလေ့စ်ကို အိုးထရက်ဖိုဒ့်ကွင်းအတွင်း အရေးနိမ့်ခဲ့ရပါတယ်။ ဒီနေ့ညမှာလည်း ပွဲကြီးပွဲကောင်းတွေ ပါဝင်လို့နေပြီး လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံစိန်ခေါ်မှုနိုင်စွမ်းရှိနေတဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် Biggest Match လည်း ပါဝင်နေတာကြောင့် ဒီပွဲစဉ်တွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

ဆောက်သမ်တန် နဲ့ စပါး (ညနေ၅နာရီခွဲ)

Photo Credit : Republic World

ဆောက်သမ်တန်က ရာသီအစမှာ အရေးနိမ့်ခဲ့သလို ကြားရက်မှာလည်း ဘရန့်ုဖိုဒ့်ကို ရှံးနိမ့်ခဲ့လို့ ကာရာဘောင်းဖလားပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့် သူတို့က စိန့်မေရီကွင်းမှာ စပါးအသင်းကို ဧည့်ခံကစားရတိုင်းမှာ စပါးကို ဒုက္ခကောင်းကောင်းပေးနေကြအသင်းဆိုတာ မေ့ထားလို့မရပါဘူး။ စပါးကလည်း သူတို့ရဲ့အဖွင့်ပွဲကို ရှံးနိမ့်ထားပြီးနောက်မှာ ဘေးလ်နဲ့ရယ်ဂီလွန်တို့ကို အားဖြည့်ခေါ်ယူထားပြီး အခုပွဲမှာ ကစားသမား(၂)ယောက်လုံး ပါဝင်လာဖွယ် မရှိသေးတာမို့ ရှိရင်းစွဲလူစာရင်းနဲ့ပဲ ပွဲထွက်လာရနိုင်ပါတယ်။ နှစ်သင်းလုံးက ကြားရက်မှာ ပြိုင်ပွဲတွေအသီးသီး ကစားထားရပေမယ့် ဘူဂေးရီးယား ယူရိုပါလိဂ်ခြေစစ်ပွဲ ကစားထားရတဲ့ စပါးက ပွဲပိုပန်းနိုင်ပါတယ်။ ဒါကြောင့် စပါးအနေနဲ့ ဒီပွဲလည်း အမှတ်ပြည့်ရဖို့ မလွယ်ပါဘူး။ သရေကျပါမယ်။

နယူးကာဆဲလ် နဲ့ ဘရိုက်တန် (ည၇နာရီခွဲ)

Photo Credit : Sky Sports

ခြေသိပ်မကွာလှတဲ့ အသင်းတွေဆိုပေမယ့် လက်ရှိ Form အရရော ကစားသမားအင်အားမှာပါ နယူးကာဆဲလ်က ပိုသာပါတယ်။ ခေါ်ယူထားတဲ့ ကစားသမားတွေကလည်း အသင်းအတွက် အကျိုးပြုနေတာဖြစ်လို့ ကစားပုံမာကြောတဲ့ ဘရိုက်တန်ထက် စိန့်ဂျိမ်းစ်ပတ်မှာ ဧည့်ခံကစားသွားရမယ့် အိမ်ရှင်နယူးကာဆဲလ်ကို ပိုသဘောကျမိပါတယ်။ နယူးကာဆဲလ်ကိုပဲ အနိုင်ရလိမ့်မယ်လို့ ထင်မိပါတယ်။

ချယ်လ်ဆီး နဲ့ လီဗာပူးလ် (ည၁၀နာရီ)

Photo Credit : Sky Sports

Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်ပါ။ နှစ်သင်းလုံးက အဖွင့်ပွဲစဉ်ကို အနိုင်ရထားခဲ့ပေမယ့် ချယ်လ်ဆီးရဲ့ကစားအားက အားရစရာမရှိသလို စိတ်ချရပါတယ်ဆိုတဲ့ လီဗာပူးလ်ရဲ့ခံစစ်ကလည်း ပေးဂိုးနှုန်းတွေ များပြားလို့နေပါတယ်။ ချန်ပီယံလီဗာပူးလ်ကတော့ လိဒ်စ်နဲ့ပွဲအပြီးမှာပဲ သီယာဂိုနဲ့ဂျိုတာတို့လို အရည်အသွေးမြင့် ကစားသမားနှစ်ယောက်ကို တစ်ပြိုင်နက်တည်း ခေါ်ယူလိုက်လို့ ကွင်းလယ်နဲ့တိုက်စစ်က အရမ်းကိုထက်မြက်သွားတော့မှာပါ။ ချယ်လ်ဆီးကလည်း နွေစျေးကွက်မှာ အသင်းကို အကောင်းဆုံးပြင်ဆင်လို့ထားခဲ့ပြီး ဒီပွဲမှာလည်း သီယာဂိုဆေးဗားနဲ့ ဘန်ချီဝဲလ်တို့ ပါဝင်ဖို့ရှိနေတဲ့အတွက် ခံစစ်ပိုင်းလည်း တောင့်တင်းလာနိုင်ပါတယ်။ ဂိုးတွေအပြန်အလှန်သွင်းကြမယ့်ပွဲလို့ ယူဆမိပါတယ်။ အနိုင်ဆိုရင်တော့ သွင်းဂိုးရဖို့ စိတ်ချရတဲ့ လီဗာပူးလ်ကိုပဲ ရွေးချယ်ချင်ပါတယ်။

လက်စတာ နဲ့ ဘန်လေ (ည၁၂နာရီခွဲ)

Photo Credit : Lanc Live

လက်စတာက အဖွင့်ပွဲမှာ တန်းတတ်ဝက်ဘရွန်းကို ဂိုးပြတ်အနိုင်ယူထားခဲ့ပေမယ့် ခြေစွမ်းပိုင်းက သိပ်ပြီးအားရစရာ မရှိလှပါဘူး။ ဒါပေမယ့် ချီဝဲလ်နေရာကို အစားဝင်လာခဲ့တဲ့ ကက်စတာနီ ခြေစွမ်းပြနိုင်ခဲ့တာကိုတော့ အသိအမှတ်ပြုရပါမယ်။ ကစားပုံမာကြောတဲ့ အသင်းဖြစ်တဲ့ ဘန်လေကတော့ ဒီနေ့ညမှ သူတို့ရဲ့ရာသီအဖွင့်ပွဲကို စတင်ကစားရမှာဖြစ်ပြီး လက်စတာကိုလည်း ကောင်းကောင်းဒုက္ခပေးဦးမှာပါ။ ဒီပွဲလည်း လက်စတာတို့ပဲ နိုင်မယ်လို့ထင်ပါတယ်။ ဂိုးတော့မပြတ်နိုင်ပါဘူး။