ပရီးမီးယားလိဂ်ပွဲစဉ်တွေကတော့ ဒီတစ်ပတ်မှာ ပွဲစဉ်(၂)ကို ဆက်လက်ကျင်းပသွားတော့မှာဖြစ်ပြီး ဒီတစ်ပတ်မှာ ကလပ်အသင်း(၁၀)သင်းလုံး တစ်ခါတည်းယှဉ်ပြိုင်ကစားသွားတော့မှာဖြစ်ပါတယ်။ ဒီနေ့ စနေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ရဲ့ ပွဲပေါင်း(၄)ပွဲကို ယှဉ်ပြိုင်စေမှာဖြစ်ပြီး ပွဲစဉ်(၁)ကို မယှဉ်ပြိုင်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းပါ ပါဝင်ဆင်နွဲရတော့မှာဖြစ်လို့ ဒီလိုစိတ်ဝင်စားဖွယ်ပွဲများအတွက် သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

အဲဗာတန် နဲ့ ဝက်ဘရွန်း (ညနေ၆နာရီ)

Photo Credit : Premier League News Now

အဲဗာတန်ကတော့ ပွဲစဉ်(၁)မှာ စပါးအသင်းကို အနိုင်ယူခဲ့ပြီး တာထွက်လှခဲ့ပါတယ်။ ကစားသမားသစ်တွေကလည်း အကုန်နီးပါး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒီထဲကမှ ကစားသမားသစ် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကတော့ အသင်းနဲ့ အ့ဝင်အောင် ကစားပြနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဝက်ဘရွန်းကတော့ အိမ်ကွင်းမာကျောလှပေမယ့် အဝေးကွင်းခြေစွမ်းကတော့ သာမာန်လောက်ပဲရှိလို့ ဒီပွဲမှာ အိမ်ရှင်အသင်း နိုင်ပွဲဆက်ဖွယ် ရှိနေပါတယ်။

လိဒ်စ်ယူနိုက်တက် နဲ့ ဖူလ်ဟမ် (ည၈နာရီခွဲ)

Photo Credit : Sky Sports

တန်းတတ်အသင်း(၂)သင်းရဲ့အားပြိုင်မှုကတော့ အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ အသင်းနှစ်သင်းလုံးကလည်း အဖွင့်ပွဲမှာ နိုင်ပွဲပျောက်ထားခဲ့လို့ ဒီပွဲကို အနိုင်ရအောင် ကစားကြမှာပါ။ ခြေစွမ်းပိုင်းကတော့ လိဒ်စ်က ပိုမိုကောင်းမွန်လို့နေပြီး ဖူလ်ဟမ်ခြေစွမ်းက သာမာန်လောက်သာ ရှိနေပါတယ်။ ကစားသမားအင်အားပိုင်းအရရော ခြေစွမ်းပိုင်းအရရော လိဒ်စ်က ပိုသာလွန်နေပြီး ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံရှစ်မှာ တွေ့ဆုံခဲ့စဉ်ကလည်း ဖူလ်ဟမ်ကို (၃)ဂိုးပြတ်နဲ့ကို အနိုင်ရထားခဲ့ပါတယ်။ ဒါကြောင့်လည်း အခုတစ်ခါလည်း လိဒ်စ်ယူနိုက်တက်ကပဲ နိုင်သွားလိမ့်မယ်ထင်ပါတယ်။

မန်ချက်စတာယူနိုက်တက် နဲ့ ခရစ္စတယ်ပဲလေ့စ် (ည၁၁နာရီ)

Photo Credit : SPORTCO

ယူနိုက်တက်အတွက် ဒီရာသီမှာ ပထမဆုံးကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်လို့ (၃)မှတ်အပြည့်ယူနိုင်အောင် ကြိုးစားလာပါလိမ့်မယ်။ ပဲလေ့စ်ကတော့ အဖွင့်ပွဲမှာ ဆောက်သမ်တန်ကို အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်းက အားရစရာမရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းကတော့ ပဲလေ့စ်က ယူနိုက်တက်ကို အိုးထရက်ဖိုဒ့်ကွင်းမှာ အနိုင်ယူထားခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာလည်း ယူနိုက်တက်က ရာသီကြိုခြေစမ်းပွဲ တစ်ပွဲလေးပဲ ကစားခဲ့ရသေးသလို ကစားသမားအစုံအလင် ပါဝင်လာဖွယ်လည်း မရှိသေးတဲ့အတွက် အနည်းငယ်ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမယ့် ပဲလေစ့်ဘက်က နောက်ခံကစားသမားတွေများစွာ ဒဏ်ရာရနေတာမို့ ယူနိုက်တက်တို့ပဲ အနိုင်ရသွားပါလိမ့်မယ်။

အာဆင်နယ် နဲ့ ဝက်စ်ဟမ်းယူနိုက်တက် (ည၁နာရီခွဲ)

Photo Credit : talkSPORT

အာဆင်နယ်ကတော့ ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲစဉ်ကို ဆင်နွဲခဲ့ပြီး အခုလည်း ဝက်စ်ဟမ်းအသင်းနဲ့ နောက်ထပ်လန်ဒန်ဒါဘီပွဲစဉ်ကို ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းကလည်း ဒီရာသီမှာ ခြေစွမ်းပိုင်းက အားနည်းလျက်ရှိနေပြီး ခံစစ်ပိုင်းက တောင့်တင်းမှုသိပ်မရှိလှလို့ အာဆင်နယ်ရဲ့ အူဘာ လာကာ ဝီလီယံတို့ရဲ့ တိုက််စစ်အစုအဖွဲ့တို့ကို ထိန်းထားနိုင်ဖို့က မလွယ်ကူပါဘူး။ စိတ်ဝင်စားဖို့ကောင်းတာကတော့ အဲဗာတန်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆရာတပည့်တွေဖြစ်တဲ့ ဒေးဗစ်မွိုက်စ်နဲ့ အာတီတာတို့ ပြန်လည်တွေ့ဆုံရမယ့်ပွဲဖြစ်တာက စိတ်ဝင်စားစရာပါ။ ဒီပွဲမှာတော့ တပည့်ကျော်အာတီတာကပဲ ဆရာသမားဟောင်းမွိုက်စ်ကို အနိုင်ယူသွားပါလိမ့်မယ်။