ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကိုတော့ မနေ့ညကပဲ ပြန်လည်စတင်ကျင်းပခဲ့ပြီး အာဆင်နယ် လီဗာပူးလ်တို့လို အသင်းကြီးတွေက တန်းတတ်အသင်းတွေကို ကိုယ်စီအနိုင်ယူခဲ့ကာ တာထွက်လှပခဲ့ပါတယ်။ ဒီနေ့ တနင်္ဂနွေနေ့ညမှာတော့ နောက်ထပ်တန်းတတ်အသင်းဖြစ်တဲ့ ဝက်ဘရွန်းက ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လက်စတာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မော်ရင်ဟိုရဲ့စပါးအသင်းနဲ့ အန်စလော့တီရဲ့အဲဗာတန်အသင်းတို့ ထိပ်တိုက်ဆုံတွေ့ကြမှာဖြစ်လို့ ဒီပွဲတွေရဲ့အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ဝက်ဘရွန်း နဲ့ လက်စတာ (ည၇နာရီခွဲ)

Photo Credit : Sky Sports

ဘင်ချီဝဲလ်ကို ဆုံးရှံးလိုက်ရတဲ့ လက်စတာဟာ သူ့နေရာမှာ ကက်စတာနီကို အစားထိုးနိုင်ခဲ့ပေမယ့် တခြားအင်အားဖြည့်တင်းမှုတွေကိုတော့ လုပ်ဆောင်ထားခြင်း မရှိပါဘူး။ ဒါပေမယ့် လက်စတာရဲ့လူအင်အားကတော့ တောင့်တင်းနေဆဲပါပဲ။ ပရီးမီးယားလိဂ်ကို ပြန်လည်တန်းတတ်လာနိုင်ခဲ့တဲ့ ဝက်ဘရွန်းက ခံစစ်မာကြောလှတဲ့ အသင်းဆိုပေမယ့် လူခေါ်မှုတွေက အားရစရာ သိပ်မရှိလှပဲ နည်းပြဘီလစ် ဘာတွေလုပ်ပြနိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။ အိမ်ရှင်အသင်းရဲ့ခြေစွမ်းကို မှန်းဆရခက်နိုင်ပေမယ့် လက်စတာဆီကနေ သရေတစ်မှတ်လောက်ထိပဲ မျှော်လင့်နိုင်ပါလိမ့်မယ်။

စပါး နဲ့ အဲဗာတန် (ည၁၀နာရီ)

Photo Credit : Sky Sports

Super Sunday ရဲ့အကောင်းဆုံးပွဲစဉ်ပါ။ ကမ္ဘာကျော်နည်းပြနှစ်ယောက်ရဲ့စီးချင်းထိုးမှုက စိတ်လှုပ်ရှားမှုတွေကို အပြည့်အဝ ပေးစွမ်းနိုင်ပါလိမ့်မယ်။ ရာသီကြိုပြင်ဆင်မှုတွေ အားကောင်းထားခဲ့တဲ့ အသင်းနှစ်သင်းဆိုပေမယ့် စပါးရဲ့လူခေါ်ယူမှုတွေက ပရီးမီးယားလိဂ်အထာကိုနပ်ပြီးသား ကစားသမားတွေကိုပဲ ခေါ်ယူထားတာဖြစ်လို့ အသင်းနဲ့ အလျင်အမြန် အထိုင်ကျနိုင်ပါတယ်။ အဲဗာတန်ကတော့ ဒူကိုရီကလွဲပြီး နောက်ထပ်ခေါ်ယူထားခဲ့တဲ့ အယ်လန်နဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ အသင်းနဲ့ မြန်မြန်အံ့ဝင်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။ နောက်ပြီး အဲဗာတန်အသင်းရဲ့ ခံစစ်ပိုင်းဟာလည်း အားရစရာအနေအထား ရှိမနေသေးဘူးလို့ပဲ ဆိုရမှာပါ။ စပါးတိုက်စစ်အစုအဖွဲ့ဖြစ်တဲ့ ဟယ်ရီကိန်း ဆွန်ဟောင်မင် အလီ မော်ရာတို့ကို အဲဗာတန်ခံစစ်က ထိန်းချုပ်ရခက်ခဲနိုင်ပါတယ်။ နောက်ပြီး စပါးက အိမ်ကွင်းမှာ အဲဗာတန်နဲ့ ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး(၁၂)ပွဲမှာ လုံးဝကို ရှံးပွဲမရှိထားခဲ့ပါဘူး။ သရေကို ဦးတည်သွားမယ့်ပွဲလို့ သတ်မှတ်နိုင်သလို နိုင်မယ်ဆိုရင်တော့ စပါးပဲ ကပ်နိုင်သွားမယ်လို့ ထင်မိပါတယ်။