ဘောလုံးပရိသတ်တွေအားလုံး စောင့်မျှော်လို့နေတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကိုတော့ ဒီနေ့စက်တင်ဘာလ(၁၂)ရက်နေ့မှာပဲ ပြန်လည်စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ မန်ချက်စတာအသင်းနှစ်သင်းရဲ့ ပွဲစဉ်တွေကလွဲပြီး ကျန်တဲ့ပွဲစဉ်(၈)ပွဲကို ဒီတစ်ပတ်အတွင်းမှာ ယှဉ်ပြိုင်ကစားစေမှာဖြစ်သလို ဒီနေ့ညမှာကတော့ (၄)ပွဲအထိ ယှဉ်ပြိုင်သွားမှာဖြစ်တဲ့အတွက် ဒီပွဲစဉ်တွေရဲ့အကြောင်းကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်။

ဖူလ်ဟမ် နဲ့ အာဆင်နယ် (ညနေ၆နာရီ)

၂၀၂၀-၂၀၂၁ ရာသီအစဖွင့်ပွဲစဉ်က လန်ဒန်ဒါဘီဖြစ်နေတဲ့အတွက် စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ချန်ပီယံရှစ်ပလေးအော့နိုင်ပွဲကနေ ပရီးမီးယားလိဂ်က ပြန်လည်တတ်လှမ်းလာတဲ့ ဖူလ်ဟမ်အသင်းဟာ လက်ရှိအချိန်ထိတော့ ကစားသမားဖြည့်တင်းမှုတွေကို အားရစရာကောင်းလောက်အောင် မလုပ်ဆောင်ထားနိုင်ခဲ့သလို ခြေစွမ်းပိုင်းမှာလည်း အကောင်းဆုံးအနေအထားကို မရောက်သေးပါဘူး။ အာဆင်နယ်ကတော့ အာတီတာလက်အောက်မှာ ပိုမိုတည်ငြိမ်နေသလို ခံစစ်ပိုင်းလည်း ကစားသမားသစ်တွေကြောင့် ပိုမိုကျစ်လစ်လာဖွယ် ရှိနေပါတယ်။ ဝီလီယံ အူဘာမီယန်း လာကာဇက်တို့ ဦးဆောင်လာမယ့် အာဆင်နယ်တိုက်စစ်ကို ဖူလ်ဟမ်တို့ ပွဲချိန်ပြည့်တောင်ခံနိုင်ဖွယ် မရှိပါဘူး။ အာဆင်နယ်ပဲ (၂)ဂိုးပြတ်လောက်နဲ့ နိုင်ပါမယ်။

ခရစ္စတယ်ပဲလေ့စ် နဲ့ ဆောက်သမ်တန် (ည၈နာရီခွဲ)

ပဲလေ့စ်မှာ ဒဏ်ရာရနေတဲ့ ကစားသမားတွေက များပြားနေသလို အသင်းရဲ့အားအနည်းဆုံးဖြစ်တဲ့ တိုက်စစ်ပိုင်းအတွက် ဘတ်ရှုအာယီကို အငှားနဲ့ ပြန်ခေါ်ထားတာကလွဲရင် ဘာမှအားရစရာတော့ ရှိမနေပါဘူး။ ဧည့်သည်ဆောက်သမ်တန်အသင်းက ကွင်းလယ်လူဟူဘယက်ကို လက်လွတ်ထားရပေမယ့် မနှစ်ကဘောလုံးရာသီရဲ့လက်ကျန်ပွဲအားလုံးနီးပါးလောက်မှာ ဟူဘယက်အစား တခြားကွင်းလယ်လူတွေကို အသုံးပြုခဲ့တာဖြစ်လို့ ဟန်ချက်ပျက်ဖွယ် မရှိပါဘူး။ အဝေးကွင်းဆိုပေမယ့် ဆောက်သမ်တန်တို့ တစ်မှတ်လောက်ရနိုင်တယ်။ သွင်းဂိုးလည်း နည်းနိုင်ပါတယ်။

လီဗာပူးလ် နဲ့ လိဒ်စ်ယူနိုက်တက် (ည၁၁နာရီ)

ပရီးမီးယားလိဂ်ချန်ပီယံနဲ့ ချန်ပီယံရှစ်ချန်ပီယံတို့ ဆုံတွေ့ကြမယ့်ပွဲက အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ လီဗာပူးလ်က ဒီရာသီမှာ လူခေါ်ယူမှု မရှိသလောက်ကို နည်းပါးထားတယ်ဆိုပေမယ့် အသင်းရဲ့လူစာရင်းကတော့ တောင့်တင်းလျက်ရှိနေတဲ့အပြင် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန်မပါနိုင်လို့ ကီတာ ပါဝင်လာမှာကလွဲရင် ကျန်တဲ့နေရာတွေကတော့ အပြောင်းအလဲမရှိ ပွဲထွက်လာနိုင်ပါတယ်။ ပြိုင်ဘက်လိဒ်စ်အသင်းအနေနဲ့ကလည်း (၁၆)နှစ်အကြာမှာ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်လာချိန် ဘာတွေလုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် လိဒ်စ်အနေနဲ့ လီဗာပူးလ်ဆီကတော့ ရမှတ်ခွဲယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အန်ဖီးလ်မှာ လီဗာပူးလ်ပဲ နိုင်ပါမယ်။

ဝက်စ်ဟမ်း နဲ့ နယူးကာဆဲလ် (ည၁နာရီခွဲ)

ဝက်စ်ဟမ်းက နွေစျေးကွက်မှာ ကစားသမားဖြည့်တင်းမှု သိပ်မရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီကုန်ခါနီးက ပြသခဲ့တဲ့ ခြေစွမ်းပိုင်းကို ထိန်းသိမ်းထားနိုင်ခဲ့မယ်ဆိုရင် ရလဒ်ကောင်းတွေကို မျှော်မှန်းနိုင်မှာပါ။ ပိုင်ရှင်အသစ် လက်အောက်ရောက်တော့မယ်ဆိုပြီး နာမည်ကြီးခဲ့ပြီးမှ ပိုင်ရှင်အပြောင်းအလဲ မဖြစ်ခဲ့တဲ့ နယူးကာဆဲလ်က ကစားသမားဖြည့်တင်းမှုမှာတော့ စိတ်ကျေနပ်စရာကောင်းခဲ့ပြီး ဒီနေ့ပွဲမှာလည်း တိုက်စစ်မှူးဝီလ်ဆန်နဲ့ နောက်ခံအစွန်လူလူးဝစ်တို့ ပါဝင်လာနိုင်ပါတယ်။ အကြိတ်အနယ်ရှိဖို့ သေချာပြီး သရေကို ဦးတည်နိုင်လို့ အိမ်ရှင်ကိုပဲ သဘောကျမိပါတယ်။