ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)ကိုတော့ စနေနေ့ကနေ တနင်းလာအထိကို (၆)ပွဲအထိ ကစားခဲ့ပြီးပြီဖြစ်ပြီး ဒီနေ့ညနဲ့ မနက်ဖြန်ညတွေမှာတော့ Weekend ရက်တွေအတွင်းမှာ အက်အေဖလားပွဲတွေ ဆင်နွဲထားရလို့ ပွဲရွေ့ထားရတဲ့ အသင်းတွေရဲ့ လက်ကျန်ပွဲတွေကို ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီနေ့ညမှာတော့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေက တန်းဆင်းဇုန်နားမှာ ရုန်းနေကြတဲ့ ဝက်ဖိုဒ့် ဗီလာအသင်းတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ဝက်ဖိုဒ့် နဲ့ မန်စီးတီး (ည၁၁နာရီခွဲ)

Photo Credit : Getty Image

အက်အေဖလားကနေ ထွက်ခွာလိုက်ရတဲ့ မန်စီးတီးအသင်းရဲ့ ပေါက်ကွဲအားတွေကို ဒီပွဲမှာ မြင်တွေ့လာနိုင်ပါတယ်။ ဝက်ဖိုဒ့်က လက်ရှိအချိန်မှာ ရလဒ်တွေ မဆိုးအောင် သတိထားရမယ့်အချိန်ဖြစ်ပြီး နည်းပြပီယာဆန်နဲ့လည်း လမ်းခွဲလိုက်ပြီဖြစ်လို့ ဒါတွေက ဒီပွဲအပေါ် အကျိုးသက်ရောက်လာနိုင်ပါတယ်။ ဝက်ဖိုဒ့်ကွင်းဆိုပေမယ့်လည်း မန်စီးတီးက ဝက်ဖိုဒ့်နဲ့ဆုံတိုင်း ဂိုးမြူးတတ်လေ့ရှိသလို ၂၀၀၇ခုနှစ်နောက်ပိုင်းကတည်းက ဝက်ဖိုဒ့်ကို အမြဲအနိုင်ရထားခဲ့ပါတယ်။ မန်စီးတီးအသင်းဘက်က ကစားသမားအပြောင်းအလဲတွေ လုပ်လာနိုင်ခဲ့ပေမယ့် ဝက်ဖိုဒ့်ကို အနိုင်ကစားဖို့ မခက်လောက်ပါဘူး။ ဂိုးပြတ်တော့ မနိုင်လောက်ဘူးလို့ ထင်မိပါတယ်။

အက်စတွန်ဗီလာ နဲ့ အာဆင်နယ် (မနက်၁နာရီ၄၅မိနစ်)

Photo Credit : Getty Image

အာဆင်နယ်က လတ်တလောမှာ Form အရမ်းကောင်းနေတယ်။ ဒါပေမယ့် သူတို့အသင်းအတွက် ပရီးမီးယားလိဂ်ဘက်မှာက ဘာမျှော်လင့်ချက်မှမရှိတော့ပဲ အက်အေဖလားကနေ ယူရိုပါလိဂ်ဘက်ကိုသွားမယ့် လမ်းကြောင်းကိုပဲ ပိုမိုအာရုံစိုက်လာမှာပါ။ ဒါကို အမှတ်အရမ်းလိုနေတဲ့ ဗီလာဘက်က အခွင့်ကောင်းယူနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင်ရုန်းနေရတဲ့ ဗီလာက နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲဆက်တိုက်ကို ရှံးပွဲမရှိထားဘူးဆိုပေမယ့် သူတို့တွေ့ခဲ့ရတဲ့ အသင်းတွေက အာဆင်နယ်လို ပုံစံကောင်းပြနေတဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ဗီလာက အမှတ်လိုနေတဲ့ အသင်းဖြစ်ပေမယ့် အာဆင်နယ်ကိုတော့ အနိုင်ယူဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဗီလာအမြင့်ဆုံးသရေပါ။ အာဆင်နယ်ကပ်သွားနိုင်ဖို့ကတော့ အဖြစ်နိုင်ဆုံးပါပဲ။