ပရီးမီးယားလိဂ်ကတော့ ရာသီသိမ်းနိုင်ဖို့အတွက် ပွဲစဉ်(၄)ခုတည်းသာ ကျန်ရှိတော့တာဖြစ်ပြီး ဒီတစ်ပတ် Weekend မှာလည်း ပွဲစဉ်(၃၅)ကို ယှဉ်ပြိုင်သွားစေမှာဖြစ်ပါတယ်။ ဒီနေ့ စနေနေ့ရဲ့ ညချမ်းအချိန်မှာတော့ လီဗာပူးလ် မန်စီးတီး ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကြည့်ရှခံစားသွားရမှာဖြစ်ပြီး ရှက်ဖီးယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတို့ ဆုံတွေ့နေတဲ့ပွဲကလည်း ပရိသတ်တွေအတွက် စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းသွားနိုင်မှာ သေချာနေပါတယ်။

နောရစ်ချ် နဲ့ ဝက်စ်ဟမ်း (ညနေ၆နာရီ)

Photo Credit : Getty Image

နောရစ်ချ်ကတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းရမယ့် လက်မှတ်ကို လက်ဝယ်ပိုင်ဆိုင်ထားနေပါပြီ။ ပွဲတွေအားလုံး အနိုင်ရမယ်ဆိုရင်တောင် အပေါ်က အသင်းတွေ အမှတ်လျော့မှသာ တင်ကျန်ရစ်နေမှာဆိုတော့ ဖြစ်နိုင်ခြေက နည်းနေပါပြီ။ ဝက်စ်ဟမ်းကတော့ တန်းဆင်းမယ့်အရေးနဲ့ သိပ်မလွတ်ကင်းသေးတာဖြစ်လို့ အမှတ်ရအောင် ယူနိုင်ဖို့လိုပါတယ်။ သေချာတာတော့ ဝက်စ်ဟမ်းတို့ ဒီပွဲမှာ အနည်းဆုံးသရေပါပဲ။ ကပ်နိုင်ဖွယ်လည်း ရှိပါတယ်။

ဝက်ဖိုဒ့် နဲ့ နယူးကာဆဲလ် (ညနေ၆နာရီ)

Photo Credit : Getty Image

(၃)ပွဲဆက်တိုက် ရှံးပွဲတွေ့ထားတဲ့ ဝက်ဖိုဒ့်ကေ ပြီးခဲ့တဲ့ပွဲစဉ်မှာ နောရစ်ချ်ကို အနိုင်ရလိုက်လို့ အခြေအနေလေး ပြန်ကောင်းလာပြီး နယူးကာဆဲလ်ကတော့ မန်စီးတီးကို ဂိုးပြတ်အရေးနိမ့်ခဲ့ပေမယ့် အမှတ်မလိုအပ်လို့ ဖိအားတော့ ကင်းနေမှာပါ။ နယူးကာဆဲလ်က နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းပွဲတွေမှာ ရလဒ်တွေ ကောင်းမွန်ထားလို့ ဝက်ဖိုဒ့်ကို အခက်တွေ့စေမှာ သေချာပါတယ်။ အိမ်ရှင်ဆိုပေမယ့် ဝက်ဖိုဒ့်တို့ နယူးကာဆဲလ်နဲ့ အမှတ်ခွဲယူရဖွယ်သာ ရှိနိုင်ပါတယ်။

လီဗာပူးလ် နဲ့ ဘန်လေ (ည၈နာရီခွဲ)

Photo Credit : Getty Image

လီဗာပူးလ်ကတော့ ဒီနောက်ပိုင်းပွဲစဉ်တွေ သုံးစွဲနေကြဖြစ်တဲ့ အမာခံကစားသမားတွေနဲ့ အရန် ဒါမှမဟုတ် လူငယ်ကစားသမားတွေ ရောနှောထားတဲ့ပုံစံနဲ့ပဲ ပွဲထွက်လာဦးမှာပါ။ ဒါ့အပြင် အသင်းရဲ့တိုက်စစ်ကစားသမားဆာလာ သွင်းဂိုးတွေရယူနိုင်ဖို့ကိုလည်း ကစားသမားတွေက ဝိုင်းပံပိုးကြဦးမှာ သေချာပါတယ်။ ဘန်လေက ခံစစ်ကစားပုံ မဆိုးလှပေမယ့် အန်ဖီးလ်မှာတော့ အနည်းဆုံး(၂)ဂိုးပြတ်လောက်နဲ့ အရေးနိမ့်နိုင်ပါတယ်။

ရှက်ဖီးယူနိုက်တက် နဲ့ ချယ်လ်ဆီး (ည၁၁နာရီ)

Photo Credit : Getty Image

နှစ်သင်းလုံးက ပြီးခဲ့တဲ့ပွဲတွေမှာ ပြိုင်ဘက်တွေကို ကပ်နိုင်ထားခဲ့ခြင်း တူညီနေသလို စပါးနဲ့ဝုလ်ဗ်တို့ကို ဆက်တိုက်အနိုင်ယူထားခဲ့တဲ့ ရှက်ဖီးရဲ့ရလဒ်ပိုင်းတွေက ပိုအားရစရာကောင်းနေပါတယ်။ ချယ်လ်ဆီးကတော့ ပဲလေ့စ်ကို အဝေးကွင်းမှာ နိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းမှာတော့ အားနည်းချက်တွေ ရှိနေသေးပြီး ပေးဂိုးတွေ ခွင့်ပြုနေခဲ့ရပါတယ်။ ဒါပေမယ့် တိုက်စစ်ကတော့ ပူလီဆစ် ဝီလီယံတို့ ခြေစွာနေပြီး ဂျရှးလည်း ဂိုးသွင်းခြေတွေ့နေသလို အေဘရာဟမ် သွင်းဂိုးပြန်သွင်းထားနိုင်တော့ အမှားမခံတော့မယ့် ချယ်လ်ဆီးကိုပဲ ရွေးချယ်ထားချင်ပါတယ်။

ဘရိုက်တန် နဲ့ မန်စီးတီး (မနက်၁နာရီခွဲ)

Photo Credit : Getty Image

ဆောက်သမ်တန်နဲ့ပွဲတုန်းကလို ကောင်းရှံးကြီးမဖြစ်ရအောင် မန်စီးတီးတို့ ဒီပွဲကို ပြင်ဆင်လာခဲ့မှာ သေချာနေပြီး ဘရိုက်တန်ကတော့ ဒီရက်ပိုင်းအတွင်းမှာပဲ အာဆင်နယ် မန်ယူ လီဗာပူးလ် လက်စတာတို့တွေနဲ့ ဆက်တိုက်ကစားထားခဲ့ရလို့ အရမ်းကို ပွဲပန်းနေမှာပါ။ ဘရိုက်တန်က အဆင့်(၁၈)နေရာက ဘုန်းမောက်နဲ့ (၅)မှတ် ကွာဟတော့တာမို့ မန်စီးတီးကနေ အမှတ်ခွဲယူနိုင်အောင် ကြိုးပမ်းလာမှာ သေချာနေပေမယ့် မန်စီးတီးပဲ အနိုင်ရဖို့က ပိုလို့ကို သေချာနေပါတယ်။