ပရီးမီးယားလိဂ် ပွဲစဉ်(၃၄)ကိုတော့ မနေ့ညကပဲ စတင်ယှဉ်ပြိုင်စေခဲ့ပြီး ချယ်လ်ဆီးက အဝေးကွင်းမှာ အမှတ်ပြည့်ရခဲ့ပေမယ့် အာဆင်နယ်နဲ့ လက်စတာတို့ပွဲစဉ်ကတော့ တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ ဒီနေ့ညမှာလည်း ပွဲစဉ်(၃၄)ရဲ့ပွဲစဉ်တချို့ကို ဆက်လက်ယှဉ်ပြိုင်ဦးမှာဖြစ်လို့ ဒီပွဲစဉ်တွေရဲ့အကြောင်း သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

မန်စီးတီး နဲ့ နယူးကာဆဲလ် (ည၁၁နာရီခွဲ)

ဆောက်သမ်တန်နဲ့ပွဲမှာ အရေးနိမ့်ထားခဲ့ရတဲ့ မန်စီးတီးတို့ အိမ်ကွင်းမှာ ကစားရမယ့် ဒီပွဲကိုတော့ အနိုင်ပြန်ယူဖို့ ကြိုးစားလာမှာပါ။ နယူးကာဆဲလ်ကလည်း ပရီးမီးယားလိဂ်မှာ ခြေမှန်ပြီး ရလဒ်ကောင်းနေတယ်ဆိုပေမယ့် ခံစစ်ပိုင်းမှာ အမှားတွေ ခဏခဏဖြစ်တတ်လေ့ရှိလို့ အယ်တီဟတ်မှာတော့ မန်စီးတီးဆီကနေ အမှတ်ခွဲယူနိုင်ဖို့က ဖြစ်နိုင်ခြေနည်းပါတယ်။ ပြီးခဲ့တဲ့ရှံးပွဲအတွက် ပြန်လည်ပေါက်ကွဲထွက်မယ့် မန်စီးတီးတို့ အနိမ့်ဆုံး(၂)ဂိုးလောက် သွင်းယူနိုင်ပါလိမ့်မယ်။

Photo Credit : Getty Image

ရှက်ဖီးယူနိုက်တက် နဲ့ ဝုလ်ဗ် (ည၁၁နာရီခွဲ)

ဥရောပဝင်ခွင့်အတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရှက်ဖီးက စပါးကို အနိုင်ရလိုက်ပြီးကတည်းက ခြေစွမ်းပိုင်း အတတ်ဘက်လေး ပြန်ရောက်လာသလို ဝုလ်ဗ်ကလည်း အာဆင်နယ်ကို အရေးနိမ့်ထားပေမယ့် အသင်းလိုက် ခြေစွမ်းပိုင်းကတော့ ကျဆင်းသွားခြင်း မရှိသေးပါဘူး။ အဓိကတော့ ဒီပွဲမှာ အိမ်ရှင်ရှက်ဖီးက အမှားခံလို့မဖြစ်တဲ့ အနေအထားဖြစ်နေပြီး ကစားအားအရဆို ဝုလ်ဗ်က သာနေတာဖြစ်လို့ ဝုလ်ဗ်တို့ သရေလောက် ခံကစားနိုင်မယ် ထင်ပါတယ်။

Photo Credit : Getty Image

ဝက်စ်ဟမ်း နဲ့ ဘန်လေ (ည၁၁နာရီခွဲ)

ဗီလာနဲ့ဘုန်းမောက်တို့ ပွဲတွေကျပ်နေသလို နောရစ်ကလည်း ဝက်ဖိုဒ့်ထပ်ပြီး အရေးနိမ့်ခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ တန်းဆင်းဇုန်ကလွတ်မြောက်ဖို့အတွက် ဒီလိုပွဲမှာ မဖြစ်မနေ အမှတ်ပြည့်ရထားသင့်ပါတယ်။ ဘန်လေက အမှတ်မလိုတော့တဲ့ အသင်းဖြစ်လို့ ဖိအားကင်းစွာနဲ့ ဝက်စ်ဟမ်းကို ရင်ဆိုင်လာမှာဖြစ်ပြီး ဒုက္ခလည်း ပေးကောင်းပေးနိုင်ပါတယ်။ နှစ်သင်းလုံးရဲ့အိမ်ကွင်းအဝေးကွင်းစွမ်းဆောင်ရည်တွေက ကွာခြားချက်မရှိပေမယ့် နိုင်ဖို့မဖြစ်မနေလိုတဲ့ အိမ်ရှင်ကိုပဲ ယုံကြည်ထားချင်ပါတယ်။

Photo Credit : Getty Image

ဘရိုက်တန် နဲ့ လီဗာပူးလ် (၁နာရီ၄၅မိနစ်)

မန်စီးတီးကို အရေးနိမ့်ခြဲ့့ပီး ဗီလာနဲ့ကစားရတဲ့ပွဲမှာလည်း ကစားပုံက အားရစရာမကောင်းပေမယ့်လည်း လီဗာပူးလ်က နိုင်သင့်တဲ့ပွဲတော့ (၃)မှတ်အပြည့် ယူတတ်ပါတယ်။ ဘရိုက်တန်ကလည်း နောက်ပိုင်းပွဲတွေမှာ မန်ယူကို အရေးနိမ့်ထားတာဆိုပေမယ့် စိတ်ချရလောက်တဲ့ ခြေစွမ်းမျိုးတော့ မဟုတ်သေးပါဘူး။ ဒီပွဲမှာလည်း ဗီလာနဲ့ ကစားခဲ့တဲ့ပွဲကလိုပဲ ကစားပုံလျော့တိလျော့ရဲလေး ရှိလာနိုင်တယ်ဆိုပေမယ့် အဝေးကွင်းမှာ လီဗာပူးလ်ပဲ နိုင်ပါလိမ့်မယ်။