ဒီတစ်ပတ် Weekend မှာ အက်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ကျင်းပဖြစ်ခဲ့လို့ အက်အေဖလား ဝင်ရောက်ဆင်နွဲခဲ့တဲ့ အသင်းတွေရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခဏရွှေ့ဆိုင်းခဲ့ရပြီး ဒီတစ်ပတ်ကြားရက်မှာ ပြန်လည်ကျုင်းပစေခဲ့ရာ ဒီနေ့ညမှာတော့ လက်ကျန်နောက်ဆုံးပွဲ(၂)ပွဲကို ဆက်လက်ကျင်းပရတော့မှာဖြစ်ပါတယ်။ ဒီပွဲစဉ်(၂)ပွဲလုံးကလည်း အမှတ်ပေးဇယားထိပ်နားက အသင်းတွေ ဆုံတွေ့နေတဲ့ ပွဲစဉ်တွေဖြစ်လို့ ပရိသတ်တွေရဲ့စိတ်အာရုံကို ဖမ်းစားနိုင်မှာတော့ သေချာလို့နေပါတယ်။ ဒါဆို ဒီပွဲတွေအကြောင်းကို သုံးသပ်ကြည့်ချင်ပါတယ်။

Photo Credit : Sky Sports

ရှက်ဖီးယူနိုက်တက် နဲ့ စပါး (ည၁၁နာရီခွဲ)

စပါးအသင်းရဲ့နိုင်ပွဲပျောက်ဆုံးနေမှုတွေကတော့ ဝက်စ်ဟမ်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ရပြီးချိန်မှာ ရပ်တန့်သွားခဲ့ပေမယ့် ရှက်ဖီးကတော့ ရလဒ်ဆိုးတွေထဲကနေ မလွတ်မြောက်နိုင်သေးသလို ပရီးမီးယားလိဂ်(၃)ပွဲဆက်တိုက် သွင်းဂိုးတစ်ဂိုးလေးတောင် ပြန်မရသေးပါဘူး။ ပိုဆိုးတာက မန်ယူ အာဆင်နယ်တို့နဲ့ ဆက်တိုက်ဆုံတွေ့လို့အပြီး စပါးအသင်းနဲ့ပါ ထပ်ဆုံနေရတာက ရှက်ဖီးကို ပိုပြီးအကျပ်ရိုက်စေနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စပါးကလည်း မော်ရင်ဟိုလက်ထက် အဝေးကွင်းစွမ်းရည် သိပ်မစွံသေးတာကြောင့် သူတို့အတွက်လည်း ဒီပွဲက ခက်ခဲစေနိုင်ပေမယ့် ကစားသမားပိုင်း ပိုသာနေတဲ့ စပါးတို့ ကပ်နိုင်သွားလိမ့်မယ်လို့ ထင်မိပါတယ်။

Photo Credit : Sky Sports

မန်စီးတီး နဲ့ လီဗာပူးလ် (မနက်၁နာရီ၄၅မိနစ်)

ချန်ပီယံဟောင်းနဲ့ လက်ရှိချန်ပီယံတို့ရဲ့ တွေ့ဆုံမှုက ရမှတ်လိုအပ်ချက်တွေ မရှိတော့ပေမယ့်လည်း အကြိတ်အနယ်တော့ ရှိနေမှာသေချာပါတယ်။ မန်စီးတီးဘက်မှာ အဂူရိုနဲ့ ဖာနန်ဒင်ဟိုတို့ မပါဝင်နိုင်တာက အသင်းအတွက် အနည်းနဲ့အများတော့ နစ်နာစေနိုင်ပေမယ့် လီဗာပူးလ်ဘက်မှာကတော့ လူစုံနီးပါးကို ပါဝင်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံဖြစ်ထားလို့ ကစားသမားတွေလည်း စိတ်ဓါတ်တတ်ကြွနေမှာဖြစ်သလို ချန်ပီယံဟောင်းကိုလည်း သူတို့ရဲ့ကွင်းအတွင်းမှာပဲ အလဲထပ်ထိုးဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ ခံစစ်ပိုင်းမှာ အားနည်းချက်တွေရှိနေတတ်တဲ့ မန်စီးတီးကို လက်ရှိချန်ပီယံတို့ အနိမ့်ဆုံးသရေတစ်မှတ်လောက်တော့ ယူနိုင်ပါလိမ့်မယ်။