ပရီးမီးယားလိဂ်ပွဲစဉ်(၃၁)ကတော့ နှစ်ပွဲယှဉ်ပြိုင်ခဲ့ပြီးပြီဖြစ်ကာ စပါးက မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ယူခဲ့ပြီး လက်စတာကတော့ ဘရိုက်တန်ကို သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဒီနေ့ညမှာတော့ ပွဲစဉ်(၃၁)ရဲ့ နောက်ထပ်ပွဲစဉ်(၅)ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး လီဗာပူးလ် မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်တွေပါဝင်နေတဲ့အတွက် စိတ်ဝင်စားဖို့ကောင်းမှာ သေချာနေပါတယ်။

Photo Credit : Getty Image

မန်ချက်စတာယူနိုက်တက် နဲ့ ရှက်ဖီးယူနိုက်တက် (ဗုဒ္ဓဟူးည၁၁နာရီခွဲ)

ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရတဲ့ အသင်း(၂)သင်း ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းမှာ သေချာနေပေမယ့် လက်ရှိအနေအထားတွေအရတော့ ယူနိုက်တက်ကို ရှက်ဖီးတို့ ယှဉ်နိုင်ဖို့ ခက်ခဲနေမှာပါ။ စပါးနဲ့ပွဲမှာ ယူနိုက်တက်ကစားသွားတာကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ ကွင်းလယ်ပိုင်း လုပ်အားတွေက အများကြီးမျှော်လင့်လို့ ရနိုင်သေးပြီး ပေါ့ဘာနဲ့ ဖာနန်ဒက်စ်သာ တွဲကစားမယ်ဆိုရင် ဂိုးရဖို့လည်း ပူစရာမလိုလောက်ပါဘူး။ ယူနိုက်တက်အနိုင်သေချာပါတယ်။

Photo Credit : Getty Image

နယူးကာဆဲလ် နဲ့ ဗီလာ (ဗုဒ္ဓဟူးည၁၁နာရီခွဲ)

ဗီလာကတော့ ဒီပုံစံအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် ပရီးမီးယားလိဂ်ကနေ သေချာပေါက်ကို နှုတ်ဆက်ရတော့မှာပါ။ နယူးကာဆဲလ်ကတော့ လက်ရှိရမှတ်နဲ့ဆိုရင် တန်းဆင်းဇုန်နဲ့ လွတ်ကင်းနိုင်ဖို့ အခြေအနေများနေပြီး ဒီပွဲမှာ ရလဒ်ကောင်းခဲ့မယ်ဆိုရင်တော့ ပိုပြီးတော့ကို သေချာသွားနိုင်တဲ့ အနေအထားဖြစ်သွားမှာပါ။ ဖိအားကင်းကင်းနဲ့ ကစားရမယ့် အိမ်ရှင်အသင်းဘက်ကနေပဲ အားပေးချင်ပါတယ်။ နယူးကာဆဲလ် အနိမ့်ဆုံး သရေပါ။

Photo Credit : Getty Image

နောရစ်ချ် နဲ့ အဲဗာတန် (ဗုဒ္ဓဟူးည၁၁နာရီခွဲ)

အောက်ဆုံးကနေ ရုန်းမရအောင် နစ်မြှပ်နေတဲ့ အသင်းနဲ့ အမှတ်မလိုအပ်တော့တဲ့အတွက် အသင်းတို့ရဲ့ တွေ့ဆုံမှုက တနည်းတဖုံနဲ့တော့ စိတ်ဝင်စားစရာကောင်းနေဦးမှာပါ။ နောရစ်ချ်က အိမ်ရှင်ဆိုပေမယ့် သူတို့်အသင်းရဲ့ ကစားအားက ဘယ်လိုမှကို အားရစရာမရှိလို့ ကစားပုံပိုင်းအရ ကစားသမားပိုင်းအရပါ အားသာနေတဲ့ အဲဗာတန်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

Photo Credit : Getty Image

ဝုလ်ဗ် နဲ့ ဘုန်းမောက် (ဗုဒ္ဓဟူးည၁၁နာရီခွဲ)

ယူနိုက်တက်နဲ့ ရှက်ဖီးတို့ ဆုံတွေ့နေတာကြောင့်မို့ ဒီအခွင့်အရေးကို ဝုလ်ဗ်တို့ အကောင်းဆုံးအသုံးချမှာပါ။ လက်ရှိ ကစားအားအရဆိုရင် ဝုလ်ဗ်က ဘုန်းမောက်ထက်ကို သာလွန်လို့နေပြီး ဘုန်းမောက်က တန်းဆင်းဇုန်အန္တရာယ်ကြောင့် ဖိအားတွေလည်း များလို့နေပါတယ်။ အသင်းအတွင်း ပြသာနာတွေပါ ရှိလို့နေတဲ့ ဘုန်းမောက်ကို ဝုလ်ဗ်တို့ အိမ်ကွင်းမှာ အကောင်းဆုံးရင်ဆိုင်ကစားသွားပါလိမ့်မယ်။ ဝုလ်ဗ်ကပ်နိုင်ပါမယ်။

Photo Credit : Getty Image

လီဗာပူးလ် နဲ့ ခရစ္စတယ်ပဲလေ့စ် (ကြာသပတေးမနက်၁နာရီ၄၅မိနစ်)

မာဆေးဆိုက်ဒါဘီတုန်းက အသင်းနဲ့ ပွဲထွက်ကစားခဲ့ရခြင်းမရှိတဲ့ ဆာလာနဲ့ ရောဘတ်ဆန်တို့ကို ဒီပွဲမှာ တွေ့မြင်လာရနိုင်ပြီး ပွဲထွက်ကစားသမား အပြောင်းအလဲတချို့လည်း လုပ်လာနိုင်လို့ ကစားပုံလည်း အနည်းငယ်ကျဆင်းနိုင်ပါသေးတယ်။ ပဲလေ့စ်က တန်းဆင်းရဖို့မရှိပေမယ့် နည်းနည်းအားထုတ်လိုက်မယ်ဆိုရင် ဥရောပဝင်ခွင့်လောက်အထိ မှန်းလို့ရနိုင်သေးသလို လက်ရှိ Form ကလည်း ကောင်းနေဆဲပါပဲ။ ဒါပေမယ့် အန်ဖီးလ်မှာ ကစားရမယ့် ဒီပွဲမှာတော့ လီဗာပူးလ်တို့ ထပ်ပြီးအမှတ်တွေ ဆုံးရှံးခံဖွယ်မရှိပါဘူး။ အနိမ့်ဆုံးတော့ ကပ်နိုင်ပါလိမ့်မယ်။