မနေ့ညကတော့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၀)ရဲ့ ကနဦးပွဲစဉ်တွေဖြစ်တဲ့ နောဝစ်ချ်နဲ့ဆောက်သမ်တန်ပွဲ စပါးနဲ့မန်ချက်စတာယူနိုက်တက်တို့ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ပြီး ဒီနေစနေနေ့ညမှာလည်း နောက်ထပ် ပွဲစဉ်(၃၀)ရဲ့လက်ကျန်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ကစားစေဦးမှာဖြစ်လို့ ဒီပွဲတွေရဲ့အကြောင်း သုံးသပ်ပေးသွားချင်ပါတယ်ခင်ဗျာ။

ဝက်ဖိုဒ့် နဲ့ လက်စတာ (ညနေ၆နာရီ)

လက်ရှိအချိန်မှာ လက်စတာထက် ဝက်ဖိုဒ့်က အမှတ်လိုအပ်နေတဲ့ အသင်းပီပီ အဓိကအားဖြင့် အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာဆိုရင် အမှတ်ပိုယူတတ်လေ့ရှိပါတယ်။ နောက်ပြီး သူတို့အသင်းရဲ့ နည်းပြကလည်း လက်စတာနည်းပြဟောင်းဖြစ်နေတော့ အသင်းဟောင်းနဲ့ ဆုံတွေ့ချိန်မှာ လက်စတာကို ဒုက္ခပေးသွားနိုင်ပါတယ်။ ကစားပုံနဲ့ ကစားသမားအားမှာ လက်စတာဘက်က သာနေတယ်ဆိုပေမယ့် ဝက်ဖိုဒ့်တို့ အိမ်ကွင်းမှာ လက်စတာကို မရှံးနိုင်လောက်ပါဘူး။

ဘရိုက်တန် နဲ့ အာဆင်နယ် (ည၈နာရီခွဲ)

မန်စီးတီးကို ဂိုးပြတ်လည်းအရေးနိမ့်ရသလို မာရီ ချာကာတို့လည်း ဒဏ်ရာရ ဒေးဗစ်လုဇ်ပါ အထုတ်ပယ်ခံခဲ့ရတဲ့ အာဆင်နယ်တို့ ဒီပွဲမှာတော့ နိုင်ပွဲပြန်လည်သင့်တယ်လို့ ထင်မှတ်ရပေမယ့် ဗဟိုခံစစ်နေရာမှာ ကစားသမား(၃)ယောက်တောင် မပါဝင်နိုင်တာ တော်ရဲရားနဲ့ချာကာတို့လို ကွင်းလယ်ကစားသမားတွေ ဒဏ်ရာရနေတာတွေက အာဆင်နယ်အတွက်တော့ ခေါင်းခဲစရာပါ။ ဘရိုက်တန်ကလည်း အိမ်ကွင်းမှာဆိုရင် အနိမ့်ဆုံး သရေကျအောင်တော့ ကစားတတ်တဲ့အသင်းဖြစ်နေတဲ့အတွက် လူမစုံတဲ့ အာဆင်နယ် အိမ်ရှင်ဆီက သရေလောက်ပဲ မျှော်လင့်နိုင်သလို ကပ်နိုင်ဖွယ်လည်း ရှိပါတယ်။

 

ဝက်စ်ဟမ်း နဲ့ ဝုလ်ဗ် (ည၁၁နာရီ)

စပါးနဲ့ယူနိုက်တက်တို့ သရေကျထားခဲ့တာဟာ ဝုလ်ဗ်အတွက်တော့ အခွင့်အရေးပါပဲ။ ဝက်စ်ဟမ်းကလည်း တန်းဆင်းဇုန်အန္တရာယ်အတွင်းမှာ ရှိနေသေးတာဖြစ်လို့ အလွတ်ရုန်းနိုင်အောင် ကြိုးစားလာမှာပါ။ ခက်တာက ဝက်စ်ဟမ်းကစားပုံက အားရစရာ အနေအထားမှာရှိမနေပဲ သူတို့ရဲ့အိမ်ကွင်းကစားပုံက ဝုလ်ဗ်ရဲ့ အဝေးကွင်းကစားပုံလောက်တောင် မကောင်းမွန်ပါဘူး။ ဒီပွဲနိုင်လိုက်တာနဲ့ အဆင့်(၅)နေရာက ယူနိုက်တက်နဲ့ အမှတ်တူသွားမှာဖြစ်တဲ့ ဝုလ်ဗ်ကိုပဲ အားပေးသွားချင်ပါတယ်။

ဘုန်းမောက် နဲ့ ခရစ္စတယ်ပဲလေ့စ် (ည၁နာရီ၁၅မိနစ်)

ဘောလုံးပွဲတွေ မရပ်နားခင်တုန်းက ပဲလေ့စ်တို့ ရလဒ်တွေတောက်လျှောက်ကောင်းထားပြီး လက်ရှိရပ်တည်မှုအရဆိုရင်လည်း အမှတ်မလိုအပ်တော့တာမို့ ဖိအားကင်းနေမှာပါ။ အိမ်ရှင်ဘုန်းမောက်ကတော့ ဖိအားတွေများနေမှာဖြစ်ပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ကို ရမှတ်တွေ မဖြစ်မနေကို လိုအပ်နေပါတယ်။ ဒါပေမယ့် ဖိအားများနေတဲ့ ဘုန်းမောက်ကို ပဲလေ့စ်တို့ အကောင်းဆုံးထိန်းချုပ်ကစားပြီး အဝေးကွင်းမှာ သရေတစ်မှတ်လောက် ရယူသွားနိုင်ပါတယ်။