မနေ့ညကတော့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၉)ရဲ့ စနေနေ့ည ပွဲ(၇)ပွဲကို ယှဉ်ပြိုင်ကစားခဲ့ပြီးတော့ လီဗာပူးလ်နိုင်ပွဲပြန်တွေ့ခဲ့ပြီး အာဆင်နယ်လည်း နိုင်ပွဲဆက်ခဲ့ပါတယ်။ စပါးအသင်းကတော့ ရလဒ်တွေ ထပ်ဆိုးခဲ့ရပြန်ပြီး မနေ့က ပွဲတော်တော်များများမှာ နှစ်သင်းပေါင်းသွင်းဂိုးလည်း အတော်လေးနည်းပါးခဲ့ပါတယ်။ ဒီနေ့ညမှာကတော့ မန်ချက်စတာဒါဘီလည်း ပါဝင်နေတာကြောင့်မို့ ပရိသတ်တွေအတွက် ရင်ခုန်စရာ တနင်္ဂနွေနေ့ရက်လေးဖြစ်နေမှာ သေချာပါတယ်။ ဒါဆိုပွဲတွေအကြောင်းကို ဆက်လက်သုံးသပ်သွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Sky Sports

ချယ်လ်ဆီး နဲ့ အဲဗာတန် (ည၈နာရီခွဲ)
မန်ချက်စတာဒါဘီမတိုင်ခင် ကြည့်ရှခံစားရမယ့် ပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ ပထမအကျော့ တွေ့ဆုံမှုမှာတော့ အဲဗာတန်က ၃ဂိုး၁ဂိုးနဲ့ကို အပြတ်အသတ် အနိုင်ရထားခဲ့လို့ ချယ်လ်ဆီးတို့ အခုပွဲမှာ ပြန်လည်ကလဲ့စားချေချင်နေမှာ သေချာပါတယ်။ ခက်တာက ဒီပွဲမှာ ချယ်လ်ဆီးအသင်းဘက်က ကစားသမားတော်တော်များများ ပါဝင်နိုင်မှာမဟုတ်သလို အဲဗာတန်ကလည်း အန်စလော့တီ ကိုင်တွယ်ပြီးနောက်ပိုင်းမှာ အရမ်းကို မာကြောလာခဲ့တာကြောင့် ဒီပွဲက ချယ်လ်ဆီးအတွက် ခက်ခဲစေနိုင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် မန်စီးတီးနဲ့ ပွဲကျပ်ရင်ဆိုင်နေရသလို စပါး ဝုလ်ဗ်တို့ကလည်း ခြေချော်ထားတာဖြစ်လို့ အဆင့်၄နေရာကို ပိုမြဲနိုင်ဖို့အတွက် ချယ်လ်ဆီးတို့ ဒီပွဲကို မဖြစ်မနေ အနိုုင်ရသင့်ပါတယ်။ မလွယ်ကူပေမယ့် ချယ်လ်ဆီးဘက်ကနေပဲ နေထိုင်ချင်မိပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက် နဲ့ မန်စီးတီး (ည၁၁နာရီ)
ဒီတစ်ပတ်ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲပါ။ နောက်ပြီး ဒီရာသီမှာ လေးကြိမ်မြောက်အဖြစ် ကျင်းပရမယ့် မန်ချက်စတာဒါဘီလည်းဖြစ်နေပြန်ပါတယ်။ လက်ရှိခြေစွမ်းတွေအရ နှစ်သင်းလုံးကြားမှာ ကွာခြားချက်တွေ သိပ်ကြီးကြီးမားမား မရှိပေမယ့်လို့ မန်စီးတီးကတော့ အနည်းငယ်သာလွန်နေပါတယ်။ ဒါပေမယ့် အခုကစားရမှာက အိုးထရက်ဖိုဒ့်ကွင်းထဲမှာဖြစ်လို့ အိမ်ရှင်အားသာချက်က ယူနိုက်တက်ဘက်မှာရှိနေသလို သူတို့အသင်းရဲ့ပြိုင်ပွဲစုံ ရှံးပွဲမရှိမှုကလည်း ၉ပွဲအထိတောင် ရှိနေခဲ့ပြီဖြစ်လို့ ယူနိုက်တက်ရဲ့ Form ကောင်းနေမှုကိုလည်း လစ်လျူရှထားလို့ မရပါဘူး။ ဒါပေမယ့် ဒီပွဲမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းသာ မပါဝင်နိုင်ဘူးဆိုရင်တော့ ယူနိုက်တက်ခံစစ်က မန်စီးတီးတိုက်စစ်ကို ထိန်းချုပ်ဖို့ ခက်ခဲနိုင်ပါတယ်။ သရေလောက်နဲ့ပဲ အဆုံးသတ်ဖွယ်ရှိနေပါတယ်။