ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)မှာတော့ အမှတ်ပးဇယားထိပ်ဆုံးမှာ ဦးဆောင်လို့နေတဲ့ လီဗာပူးလ်အသင်းရဲ့ ဒီရာသီပထဆုံးရှံးပွဲတွေ့ခဲ့တဲ့ ရက်သတ္တပတ်အဖြစ် မှတ်ယူရတော့မှာဖြစ်ပြီး အသင်းကြီးတွေလည်း ရလဒ်တွေ ဆိုးရွှားခဲ့ကြပါတယ်။ ဒီတစ်ပတ်က မန်စီးတီးအသင်းနဲ အက်စတွန်ဗီလာအသင်းတို့ရဲ့ လိဂ်ဖလားဖိုင်နယ်ရှိနေတဲ့အတွက် ပရီးမီးယားလိဂ်ပွဲ၂ပွဲကို ရွှေ့ဆိုင်းခဲ့ရတာကြောင့် ဒီနေ့ Super Sunday မှာ ၂ပွဲပဲ ကစားဖြစ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ၂ပွဲလုံးကလည်း စိတ်ဝင်စားစရာကောင်းတာမို့ ဒီပွဲတွေရဲ့အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

အဲဗာတန် နဲ့ မန်ချက်စတာယူနိုက်တက် (ည၈နာရီခွဲ)
ယူနိုက်တက်တို့ ပရီးမီးယားလိဂ်မှာ ၃ပွဲဆက်တိုက် နိုင်ပွဲမရယူခဲ့တာတောင် ကြာမြင့်နေခဲ့ပြီဆိုပေမယ့် ဒီပွဲကို နိုင်လိုက်မယ်ဆိုရင် ချယ်လ်ဆီးနဲ့ အမှတ်ကပ်သွားနိုင်သလို သူရဲ့အောက်က စပါးနဲ့ဝုလ်ဗ်တို့ ထိပ်တိုက်ဆုံနေတာကိုလည်း အခွင့်အရေးယူနိုင်သလို ဖြစ်စေမှာပါ။ ဒါပေမယ့် အဲဗာတန်ဆိုတာကလည်း ယူနိုက်တက်နဲ့ဆုံတိုင်း အမြဲဒုက္ခပေးတတ်တဲ့ အသင်းဖြစ်နေသလို ဥရောပဝင်ခွင့်အတွက်လည်း မျှော်လင့်ချက်ရှိနေတာဖြစ်လို့ ဒီပွဲကို အားစိုက်ယှဉ်ပြိုင်လာမှာပါ။ ဒါပေမယ့် နိုင်ပွဲရယူဖို့ ပိုလိုအပ်နေတဲ့အပြင် အသင်းရဲ့ဟန်ချက်လည်းညီညွတ်နေတဲ့ ဧည့်သည်ယူနိုက်တက်ပဲ ပွတ်ကာသီကာ အနိုင်ရသွားမယ်လို့ ထင်မိပါတယ်။

Photo Credit : Getty Images

စပါး နဲ့ ဝုလ်ဗ် (ည၈နာရီခွဲ)
တကယ်ဆို ဒီတစ်ပတ် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးပွဲစဉ်က မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲဖြစ်ပေမယ့်လည်း မန်စီးတီးရဲ့ လိဂ်ဖလားဖိုင်နယ်ရှိလို့သာ စပါးနဲ့ဝုလ်ဗ်က ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးပွဲ ဖြစ်လာခဲ့ရပါတယ်။ ပေါ်တူဂီသားကြီးနှစ်ယောက်ရဲ့ အားပြိုင်မှုတွေက စိတ်လှုပ်ရှားစရာကောင်းနေမှာ သေချာနေပြီး နှစ်သင်းဆီမှာကလည်း ချန်ပီယံလိဂ်မျှော်လင့်ချက်ကိုယ်စီ ရှိနေကြလို့ အမှားမခံစတမ်း ယှဉ်ပြိုင်ကြမှာပါ။ ခြေစွမ်းပိုင်းခြင်း သိပ်မကွာဟလှပေမယ့် စပါးကတော့ အိမ်ကွင်းမှာဆိုရင် ရလဒ်ပိုကောင်းတတ်ပြီး ဝုလ်ဗ်ရဲ့အဝေးကွင်းနောက်ဆုံး၅ပွဲမှာ ၁ပွဲပဲ အနိုင်ရထားခဲ့ပါတယ်။ တိုက်စစ်ကစားသမားတွေ ဒဏ်ရာကိုယ်စီရနေတယ်ဆိုပေမယ့်လည်း အိမ်ကွင်းမှာ ရလဒ်ကောင်းလေ့ရှိတဲ့ စပါးတို့ အနိမ့်ဆုံးသရေရလဒ်တော့ ယူနိုင်ပါလိမ့်မယ်။