ဘာလိုလိုနဲဲ့ ဒီနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီး ဇာတ်သိမ်းဖို့ကလည်း နီးစပ်လာခဲ့ပါပြီ။ ဒီအချိန်မှာ ချန်ပီယံဆုကလွဲပြီး ကျန်တဲ့နေရာတွေမှာ ဥရောပဝင်ခွင့် တန်းဆင်းဇုန်တိုက်ပွဲတွေက အရှိန်ကောင်းနေတာမို့ ရာသီဆုံးချိန်ထိကို ရင်ခုန်သံတွေ မြန်ဆန်နေရဦးမှာပါ။ ဒီတစ်ပတ်မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်(၂၇)ကို ဆက်လက်ဖြတ်သန်းရဦးမှာပါ။ ပွဲကြီးပွဲကောင်းတွေလည်း များစွာပါဝင်နေတဲ့ ပွဲစဉ်(၂၇)ကနေ စနေနေ့ညမှာ ကန်မယ့်ပွဲများအကြောင်းကို အရင်ဆုံး သုံးသပ်ပေးသွားချင်ပါတယ်။

Photo Credit : Getty Images

ချယ်လ်ဆီး နဲ့ စပါး (ညရနာရီ)
ဒီတစ်ပတ်ရဲဲ့ အကောင်းဆုံးပွဲပါ။ ပထမအကျော့မှာတော့ ဆရာဟောင်းမော်ရင်ကို တပည့်ကျော်လမ်းပတ်က အနိုင်ယူထားခဲ့ပါတယ်။ လတ်တလော အနေအထားတွေအရ နှစ်သင်းလုံးမှာ ဒဏ်ရာပြသာနာကိုယ်စီနဲ့ ရင်ဆိုင်နေရပြီး အထက်အောက်ရပ်တည်နေတဲဲ့ အသင်းတွေလည်းဖြစ်လို့ ပြိုင်ဆိုင်မှုကတော့ ပြင်းထန်နေဦးမှာပါ။ စပါးကို အဝေးကွင်းမှာကတည်းက ဂိုးပြတ်အနိုင်ယူထားခဲ့ပြီး ကွင်းလယ်ကစားသမားပိုင်းမှာလည်း အားသာချက်ပိုရှိတဲ့ အိမ်ရှင်ချယ်လ်ဆီးကိုပဲ ပိုသဘောကျမိပါတယ်။

Photo Credit : Getty Images

ဘန်လေ နဲ့ ဘုန်းမောက် (ည၉နာရီခွဲ)
ဘန်လေရဲဲ့ပြန်လည်တိုးတတ်လာနှုန်းက တကယ့်ကို အံ့မခန်းပါပဲ။ ဘုန်းမောက်ကတော့ တန်းဆင်းဇုန်နဲ့ လွတ်ကင်းဖို့အတွက် ရုန်းရပါဦးမယ်။ ဘန်လေက ပထမအကျော့မှာကတည်းက ဘုန်းမောက်ကို အဝေးကွင်းမှာ အနိုင်ယူထားခဲ့ပြီး အခုလည်း ရမှတ်လိုအပ်ချက်သိပ်မရှိပဲ ဖိအားနည်းနေတာဖြစ်လို့ ရလဒ်ကောင်းတွေ ထပ်ယူဆောင်နိုင်ဦးမှာပါ။

Photo Credit : Getty Images

ရှက်ဖီးယူနိုက်တက် နဲ့ ဘရိုက်တန် (ည၉နာရီခွဲ)
ချယ်လ်ဆီးနဲ့ စပါးတို့ ဆုံတွေ့နေချိန်ဖြစ်လို့ ဒါက ရှက်ဖီးအတွက် အခွင့်အရေးကောင်းတစ်ခုပါ။ အမှတ်တွေကပ်လျက်ဖြစ်နေတာမို့ ရမှတ်တိုင်းလိုလိုက ရှက်ဖီးတို့လို ဥရောပဝင်ခွင့် မျှော်လင့်နေတဲ့ အသင်းတိုင်းအတွက် အရေးပါနေပါတယ်။ အဝေးကွင်းမှာဆို ပုံစံကောင်းမပြနိုင်တတ်တဲ့ ဘရိုက်တန်ကတော့ နောက်ပိုင်းပွဲတွေမှာ သရေပွဲက ခပ်များများဖြစ်နေလို့ ဒီပွဲလည်း အိမ်ရှင်အသင်းဆီကနေ ၁မှတ်လောက် ယူနိုင်အောင်ကြိုးပမ်းမှာပါ။ အိမ်ရှင်ပဲ ရလဒ်ကောင်းပါမယ်။

Photo Credit : Getty Images

ဆောက်သမ်တန် နဲ့ အက်စတွန်ဗီလာ (ည၉နာရီခွဲ)
လီဗာပူးလ်ကို ရှံးခဲ့တာက လက်ခံနိုင်စရာဆိုပေမယ့် ဘန်လေကိုပါ ထပ်ရှုံးခဲ့တာကတော့ ဆောက်သမ်တန် ပြန်ကျပြီလားလို့တောင် ထင်စေရပါတယ်။ ဗီလာကလည်း ခြေမညံပေမယ့် ရလဒ်တွေကတော့ ပြန်လည်မကောင်းမွန်လာသေးပဲ ရုန်းကန်နေရဆဲသာဖြစ်ပါတယ်။ ဒါပေမယ့် ဗီလာက အဝေးကွင်းမှာဆိုရင် ရလဒ်တွေ ပိုဆိုးရွှားနေတတ်ပါတယ်။ အိမ်ရှင်ဆောက်သမ်တန်တို့ နိုင်ပွဲပြန်ရှာတွေ့ပါမယ်။

Photo Credit : Getty Images

လက်စတာ နဲ့ မန်စီးတီး (ည၁၂နာရီ)
စနေနေ့ရဲ့ ဒုတိယမြောက်အကောင်းဆုံး ပရီးမီးယားလိဂ်ပွဲပါ။ ဒီပွဲက မန်စီးတီးထက် အိမ်ရှင်လက်စတာအတွက် ပိုအရေးကြီးလို့နေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး၅ပွဲမှာ ၁ပွဲပဲ နိုင်ထားတဲ့အထိ ပြန်လည်ကျဆင်းလျက်ရှိ်နေတဲ့ လက်စတာတို့ ဒီပွဲမှာ အနိုင်ရလိုက်မယ်ဆိုရင် အဆင့်၃နေရာအတွက် ပိုပြီးစိတ်ချလာရနိုင်ပါတယ်။ နောက်ပြီး မန်စီးတီးကလည်း ဒီပွဲပြီးတာနဲ့ ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲကျပ်ကို ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီပွဲကို အပြည့်အဝအာရုံစိုက်နိုင်ဖို့ အခြေအနေနည်းနေပါတယ်။ ကစားအားအရ မန်စီးတီးသာနေပေမယ့် ဒီပွဲမှာတော့ အိမ်ရှင်တို့ မရှံးနိုင်ပါဘူး။